လတ်တလောမှာ စကားအပြောအဆို မတတ်တာကြောင့် ချယ်လ်ဆီးအသင်း ပရိသတ်တွေရဲ့ ငြိုငြင်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ချယ်လ်ဆီးအသင်းရဲ့ အဓိက တိုက်စစ်မှူး လူကာကူ ကတော့ ချယ်လ်ဆီးအသင်းရဲ့ ပစ်မှတ် တိုက်စစ်မှူးတွေထဲက တဦး ဖြစ်တဲ့ အင်တာမီလန် တိုက်စစ်မှူး မာတီနက်ဇ်ကို ချယ်လ်ဆီးအသင်းထံ မပြောင်းလာပဲ အင်တာမီလန်အသင်းမှာပဲ ဆက်နေဖို့ အကြံပေးရင်း ပရိသတ်တွေရဲ့ အမုန်းကို ထပ်ပြီး ခံယူလိုက်ပြန်ပါတယ်။

အသက် ၂၈နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ စီးရီးအေ အင်အားကြီးကလပ် အင်တာမီလန်အသင်း ကနေ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ကြေး ပေါင်၉၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: The Sun

လူကာကူဟာ ချယ်လ်ဆီးအသင်းဆီ ဒုတိယအကြိမ်မြောက် အဖြစ် စံချိန်တင် ပြောင်းရွှေ့ကြေး တရပ်နဲ့ ပြန်လည် ရောက်ရှိခဲ့ပြီးနောက် အသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၇ဂိုးသာ သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ပြောင်းရွှေ့ကြေးနဲ့ လိုက်ဖက်တဲ့ ခြေစွမ်းမျိုး ပြသနိုင်ခြင်း မရှိသေးတာကြောင့် လူကာကူကို ဝေဖန်မှုတွေ ထွက်ပေါ်လာသလို လူကာကူကလည်း ချယ်လ်ဆီးနည်းပြ တူဟယ်ရဲ့ ကစားကွက်ထဲမှာ အံဝင်ခွင်ကျ ဖြစ်ဖို့ ရုန်းကန်နေရပါတယ်။

Photo Credit: The Sun

ဒါကြောင့်ပဲ လူကာကူက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တခုမှာ သူဟာ ချယ်လ်ဆီးမှာ မပျော်ရွှင်ကြောင်းနဲ့ အသင်းဟောင်း အင်တာမီလန်ဆီ ပြန်လည် ပြောင်းရွှေ့ချင်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပြီး အဆိုပါ ပြောကြားမှုကြောင့်ပဲ လူကာကူက ချယ်လ်ဆီး ပရိသတ်တွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ခံနေရပေမယ့် လူကာကူကတော့ သူ့ရဲ့ ပြောကြားမှုအပေါ် နောင်တရခြင်း မရှိသေးပဲ သူ့ရဲ့ အသင်းဖော်ဟောင်း ဖြစ်ခဲ့သူ အင်တာမီလန် တိုက်စစ်မှူး မာတီနက်ဇ်ကိုလည်း ချယ်လ်ဆီးအသင်းထံ ပြောင်းမလာဖို့ တိုက်တွန်းသွားခဲ့ပါသေးတယ်။

လူကာကူက – “ကျွန်တော်က လော်တူရို မာတီနက်ဇ်ကို သတိရပါတယ်။ သူနဲ့ ပထမဦးဆုံး စတွေ့တဲ့နေ့မှာပဲ သူနဲ့အတူ ကွင်းထဲမှာ တွဲကစားခွင့် ရခဲ့ရင် အသက်သေတဲ့ အထိ ကြိုးစားသွားမယ်လို တွေးခဲ့မိပါတယ်။ ပြီးတော့ သူ့ကို ချယ်လ်ဆီးအသင်းဆီ ပြောင်းမလာစေချင်ပါဘူး။ လော်တူရိုရေ မီလန်မြို့မှာပဲ နေပါ။ မကြာခင် ငါ မင်းဆီကို ပြန်လာခဲ့ပါ့မယ်” လို့ ပြောကြားသွားခဲ့တာပါ။