MySport Myanmar

ဟာလန်းနဲ့ ထိပ်တိုက် ရင်ဆိုင်ရမှာကို ပျော်ရွှင်မိတယ်လို့ လူကာကူ ဆို

အင်တာမီလန်အသင်း တိုက်စစ်ကစားသမား ရိုမယ်လူလ်လူကာကူက လာမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်မှာ မန်ချက်စတာစီးတီး ဂိုးသွင်းစက် တိုက်စစ်မှူး အာလင်းဟာလန်း ထိပ်တိုက် ယှဉ်ပြိုင်ရမှာကို ပျော်ရွှင်မိတယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

မန်စီးတီးအသင်းနဲ့ အင်တာမီလန်အသင်းတို့ဟာ လာမယ့် စနေနေ့မှာပဲ ဥရောပ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ကြီးကို ဆင်နွဲရတော့မှာပဲ ဖြစ်ပါတယ်။ ဒီဖလားက အသင်းနှစ်သင်းလုံးအတွက် အတော်လေးကို အရေးပါတဲ့ ဆုဖလားကြီး ဖြစ်နေသလို တိုက်တိုက်ဆိုင်ဆိုင်ပဲ အနိုင်ရတဲ့ အသင်းက ဒီနှစ် ဘောလုံးရာသီအတွက် တတိယမြောက် ဆုဖလားကို ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။ မန်စီးတီးသာ ဗိုလ်လုစွဲခဲ့ရင်တော့ ချန်ပီယံလိဂ်+ပရီးမီးယားလိဂ်+အက်ဖ်အေ ဖလားတွေနဲ့ Treble ချန်ပီယံ ဖြစ်လာပြီး အင်တာက အနိုင်ရခဲ့ရင်လည်း ဒီဖလားမတိုင်ခင်မှာ ပြည်တွင်းက ကိုပါအီတလီယာ နဲ့ အီတလီ စူပါဖလားတို့ကို ပိုင်ဆိုင်ခဲ့တာမို့ ဆုဖလား(၃)လုံးထိ ပိုင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။

Photo Credit : Sportskeeda

ဒီပွဲစဉ်မှာ မန်စီးတီးက နော်ဝေ ဂိုးသွင်းစက် ဟာလန်းနဲ့ တိုက်စစ်ကို ပွဲထွက်လာဖို့ ရှိနေပြီး အင်တာဘက်ကလည်း မန်စီးတီးကို အကြိမ်ကြိမ် အခါခါ ရင်ဆိုင်ခဲ့ဖူးတဲ့ လူကာကူနဲ့ ပွဲထွက်လာနိုင်ပါတယ်။ ဟာလန်းနဲ့ ရင်ဆိုင်ရတော့မယ့် အနေအထားနဲ့ ပတ်သက်ပြီး လူကာကူက “အာလင်းက နောက်ဆုံးအဆင့်ကို တက်လှမ်းပြီး ဘောလုံးလောကကို စိုးမိုးဖို့ အဆင့်သင့် ဖြစ်နေပါပြီ။ သူ ဘာကို လိုချင်တယ်ဆိုတာကို သိနားလည်းနေပြီးတော့ သူ လုပ်ဆောင်တာတွေကလည်း တကယ်ကောင်းမွန်ပါတယ်။ နောက်ထပ် တိုက်စစ်ကစားသမားတစ်ဦး ထပ်ပြီး ထွက်ပေါ်လာတာကို ကျွန်တော် တကယ် ပျော်ရွှင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက ကျွန်တော်တို့ကြားမှာ ပြိုင်ဆိုင်မှုကြီးတစ်ခု ဖြစ်လာမှာမို့ပါ။”

“ဒါက ခင်ဗျား မြင်ရခဲ့တဲ့ အရာပါ။ ကျွန်တော်တို့မှာ မက်ဆီ ရော်နယ်လ်ဒိုတို့ ကစားသမားကြီးတွေ ရှိခဲ့ဖူးပြီးတော့ ဟာလန်းရဲ့ အောင်မြင်မှုအပေါ် ပြင်းပြမှုကလည်း ဒီကစားသမားတွေကို အမှတ်ရစရာပါပဲ” လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version