MySport Myanmar

ဥရောပကို စွန့်ခွာသွားဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ လူကာကူ ဖွင့်ဟ

ရိုးမားအသင်းရဲ့ ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမား ရိုမီလူ လူကာကူက သူဟာ ဆော်ဒီ ထိပ်သီးကလပ် အယ်လ်ဟီလာအသင်းရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပေမယ့်လည်း သူ့အနေနဲ့ ဥရောပ ဘောလုံးနယ်မြေကနေ စွန့်ခွာသွားဖို့ အဆင်သင့် ဖြစ်မနေသေးတာကြောင့် ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ ရှင်းပြသွားခဲ့ပါတယ်။

အခုနှစ်ရဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်း လူကာကူကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တဲ့ အသင်းတွေထဲမှာ ဆော်ဒီကလပ်တွေ ပါဝင်နေခဲ့ပြီး ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းက လူကာကူကို သူတို့အသင်းဆီ ခေါ်ဆောင်နိုင်ဖို့အတွက် ထဲထဲဝင်ဝင် ကြိုးပမ်းခဲ့ပါတယ်။

Photo Credit : Eurosport

ဒါပေမယ့် လူကာကူကိုယ်တိုင်ကတော့ ဆော်ဒီလိဂ် ကလပ်အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ပြီး သူ ကျင်လည်နေတဲ့ အီတတီ စီးရီးအေထဲက ရိုးမားအသင်းဆီကိုပဲ တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့သလို လက်ရှိ ရိုးမားမှာလည်း ဂိုးတွေ တောက်လျှောက် သွင်းယူလို့နေပါတယ်။

နွေတုန်းက အယ်လ်ဟီလာအသင်းရဲ့ ကမ်းလှမ်းမှုနဲ့ ပတ်သက်ပြီး လူကာကူက “သူတို့အသင်းရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့လို့ ကျွန်တော် ဂုဏ်ယူမိပါတယ်။ ဒါပေမယ့် ကနဦး ဆွေးနွေးမှုတွေ အပြီးမှာတော့ ကျွန်တော် အယ်လ်ဟီလာကို ပြောင်းရွှေ့ဖို့ သိပ်အဆင်မပြေသလို ဖြစ်လာခဲ့ပါတယ်။”

Photo Credit : Fabrizio Romano

“အယ်လ်ဟီလာက အရှေ့အလယ်ပိုင်းရဲ့ အင်အားကြီး ကလပ်အသင်း တစ်သင်းပါ။ ဆော်ဒီလိဂ်ကလည်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကမ္ဘာ့ အကြီးမားဆုံး လိဂ်ပြိုင်ပွဲကြီးတစ်ခု ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော် ဥရောကနေ စွန့်ခွာသွားဖို့ အဆင်သင့် ဖြစ်မနေသေးပါဘူး။” လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

အယ်လ်ဟီလာက လူကာကူအတွက် ပြောင်းရွှေ့ကြေးအပြင် မြင့်မားတဲ့ လစာမျိုးနဲ့ ကမ်းလှမ်းခဲ့ပေမယ့် လက်မခံခဲ့ပဲ ရိုးမားဆီသာ အငှားနဲ့ ပြောင်းရွှေ့ဖို့ကိုပဲ ရွေးချယ်ခဲ့ပါတယ်။ လူကာကူရဲ့ မူလကလပ် ချယ်လ်ဆီးကတော့ လူကာကူကို အပြီးသတ်သာ ရှင်းထုတ်ချင်နေပြီး ဒီဈေးကွက်မှာ အငှားထပ်ချထားရပေမယ့် လာမယ့်နွေမှာတော့ ပေါင် (၃၇)သန်းဝန်ကျင်းနဲ့ အပြီးသတ် ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။

Exit mobile version