ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးပိုင်ရှင် ရိုမီလု လူကာကူကတော့ လက်ရှိ နွေအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွင့်ရဖို့ အတွက် ဘာမဆို လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၉နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး ရိုမီလု လူကာကူဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ အင်တာမီလန်ကနေ ချယ်လ်ဆီးထံ ကလပ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ဖြစ်တဲ့ ယူရို ၁၁၃သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ်ကို ချုပ်ဆိုထားသူပါ။

Photo Credit: Daily Mail

လူကာကူဟာ ချယ်လ်ဆီးဆီ စတင် ရောက်ရှိကာစမှာ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အသင်းနည်းပြ တူဟယ်လ်ရဲ့ နည်းစနစ်တွေနဲ့ အံဝင်ခွင်ကျ ကစားနိုင်ဖို့ ရုန်းကန်လာရသလို လူကာကူရဲ့ အေးဂျင့်ကလည်း သူ့ရဲ့ ကစားသမား ခြေစွမ်းမပြနိုင်တာဟာ တူဟယ်လ်ရဲ့ နည်းစနစ်ပိုင်းကြောင့် ဖြစ်ကြောင်း လူသိရှင်ကြား ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လူကာကူကလည်း သူဟာ ချယ်လ်ဆီးကနေ ထွက်ခွာပြီး အသင်းဟောင်း အင်တာမီလန်ဆီ ပြန်လည် ပြောင်းရွှေ့ချင်ကြောင်း တရားဝင် ထုတ်ဖော် ပြောကြားခဲ့ကာ အဆိုပါ ပြဿနာတွေကြောင့်ပဲ ချယ်လ်ဆီးဘက်က လူကာကူကို ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်ခဲ့သလို ယခု နွေဈေးကွက် အတွင်းမှာပါ လူကာကူကို ရောင်းထုတ်ဖို့ ပြင်ဆင်နေပါတယ်။

Photo Credit: Daily Mail

တဖက်မှာတော့ လူကာကူရဲ့ အသင်းဟောင်း တသင်း ဖြစ်တဲ့ အင်တာမီလန်က လူကာကူကို ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး အင်တာမီလန်ရဲ့ တာဝန်ရှိသူတွေက လူကာကူရဲ့ အပြောင်းအရွှေ့ အတွက် သူ့ရဲ့ အေးဂျင့်နဲ့ ချိတ်ဆက်ကာ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပါတယ်။

နာမည်ကြီး အီတလီ သတင်းထောက် ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ လူကာကူက ချယ်လ်ဆီးကနေ ထွက်ခွာခွင့် ရဖို့ အစွမ်းကုန် ကြိုးပမ်းနေပြီး ချယ်လ်ဆီးကနေ အင်တာမီလန်ဆီ ပြောင်းရွှေ့ခွင့် ရဖို့ လုပ်ခလစာ လျှော့ယူတာ ၊ လက်မှတ်ထိုးကြေး လျှော့ယူတာတွေ အပါအဝင် သူ့ဘက်က လုပ်ဆောင်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ဖို့ အဆင်သင့် ရှိနေကြောင်း အင်တာမီလန်ရဲ့ တာဝန်ရှိသူတွေထံ အသိပေးထားတယ် လို့ သိရပါတယ်။