ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကစားသမား လူကာကူက ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း အီတလီ စီးရီးအေပြိုင်ပွဲမှာ ပါဝင်ခဲ့စဉ်တုန်းက အသင်းဟောင်း အင်တာမီလန်အတွက် အထူးခြေစွမ်းပြသနိုင်ခဲ့တာကြောင့် စီးရီးအေရဲ့ တစ်နှစ်တာ အကောင်းဆုံးဆုအတွက် ခရစ္စတီယာနိုရော်နယ်လ်ဒိုကို ကျော်ဖြတ်ပြီး ပိုင်ဆိုင်နိုင်ခဲ့တဲ့အပေါ် ရော်နယ်လ်ဒို ထိပ်တန်းကစားသမားတစ်ဦးရဲ့ တွန်းအားကြောင့် သူ့အနေနဲ့ ပိုပြီးကောင်းမွန်တဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ရတယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

ဘယ်လ်ဂျီယံလက်ရွေးစင် တိုက်စစ်ကစားသမား လူကာကူဟာ သူရဲ့ကလပ်အသင်းဟောင်း အင်တာမီလန်အသင်းအတွက် ဘောလုံးရာသီ (၂)ရာသီစာ ပါဝင်ကစားခဲ့ပြီးနောက် သွင်းဂိုး(၆၄)ဂိုးထိကို သွင်းယူပေးခဲ့တဲ့အပြင် သူရဲ့ အင်တာ ကစားသမားဘဝ နောက်ဆုံးရာသီမှာလည်း အသင်းကို စီးရီးအေချန်ပီယံ ဖြစ်လာအောင်ပါ စွမ်းဆောင်ပေးခဲ့ပါတယ်။ အသင်းနဲ့ စီးရီးအေချန်ပီယံ ဖြစ်ခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ အသင်းအတွက် စီးရီးအေသွင်းဂိုး (၂၄)ဂိုးထိ သွင်းယူနိုင်ခဲ့တဲ့ လူကာကူဟာ အဲ့ဒီရာသီအတွက် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Marca

ဂျုဗင်တပ်စ် ကစားသမားဟောင်းကြီး ရော်နယ်လ်ဒိုကိုပါ ကျော်ဖြတ်ပြီး စီးရီးအေရဲ့ အကောင်းဆုံး ကစားသမားအဖြစ် မဲအသာနဲ့ အရွေးချယ်ခံခဲ့ရတဲ့အပေါ် လူကာကူက “အင်တာမီလန်အသင်းက ကျွန်တော်တို့ကို အမြဲတမ်း ကျောထောက်နောက်ခံပေးခဲ့ပြီးတော့ အသင်းပရိသတ်တွေကိုလည်း ကျွန်တော် ကျေးဇူးတင်စကား ဆိုချင်မိပါတယ်။ ခရစ္စတီယာနိုရော်နယ်လ်ဒိုထက် သာလွန်နေတာက နေ့တိုင်းမဖြစ်နိုင်တဲ့ အရာပါ။ ကျွန်တော့်အတွက်တော့ သူက ဘောလုံးသမိုင်းထဲက အကောင်းဆုံး ကစားသမား(၃)ဦးထဲမှာ တစ်ယောက်အပါအဝင်ပါ။ သူက ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို ပြုလုပ်နေတာကြောင့် ကျွန်တော့်ကိုပါ မတူညီတဲ့ အဆင့်တစ်ခုထိ ရောက်လာအောင် ပို့ဆောင်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွက် စီးရီးအေရဲ့ အကောင်းဆုံးအသင်းမှာ ပါဝင်ခဲ့ရလို့ အရမ်းပျော်မိပါတယ်။ ကျွန်တော့်ကို မဲပေးကြတဲ့သူတွေ ကျွန်တော့်ကို အများကြီး အကူအညီပေးခဲ့ကြတဲ့ နည်းပြနဲ့ သူရဲ့ဝန်ထမ်းတွေအားလုံးကို ကျေးဇူးတင်ချင်ပါတယ်။ ဒါက အသင်းရဲ့ အောင်မြင်မှုဖြစ်ပြီးတော့ Best XI မှာ ပါဝင်ခဲ့ရလို့ ဂုဏ်ယူမိပါတယ်။ စီးရီးအေပြိုင်ပွဲမှာ ကစားခွင့်ရဖို့ ကျွန်တော် ငယ်စဉ်ကတည်းက မက်ခဲ့ရတဲ့ အိမ်မက်တစ်ခုပါ။ အောင်မြင်မှုတွေ ရယူနိုင်ဖို့အတွက်လည်း ကျွန်တော် တတ်နိုင်သမျှ လုပ်ဆောင်ခဲ့ပါတယ်။ ဒီလို လုပ်ဆောင်နိုင်တဲ့ အပေါ်မှာလည်း ကျွန်တော် ကျေနပ်မိပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။