မန်ချက်စတာယူနိုက်တက်အသင်းကနေ သူတစ်ခါမှ မကျင်လည်ဖူးသေးတဲ့ လိဂ်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ အီတလီစီးရီးအေဆီကို အရဲစွန့်ပြောင်းရွှေ့လာခဲ့တဲ့ ဘယ်ဂျီယံတိုက်စစ်ကစားသမားလူကာကူကတော့ သူရဲ့စီးရီးအေကစားသမားဘဝ ပွဲဦးထွက်ရာသီမှာပဲ သွင်းဂိုး(၂၀)ကျော် ရယူပေးနိုင်ခဲ့သလို သူရဲ့အင်တာမီလန်အသင်းအတွက်ကိုပါ ပြိုင်ပွဲစုံမှာ သွင်းဂိုး(၃၀)အထိ သွင်းယူခဲ့နိုင်ခဲ့တာဖြစ်ပြီး ဒါဟာ သူရဲ့ကစားသမားဘဝအတွင်း အမြင့်မားဆုံးသော စွမ်းဆောင်ရည်ဖြစ်ခဲ့ရပါတယ်။

Photo Credit : Goal

အသက်(၂၇)နှစ်အရွှယ်ရှိ ဘယ်ဂျီယံလက်ရွေးစင် တိုက်စစ်မှူးလူကာကူဟာ အဲဗာတန် ချယ်လ်ဆီး ဝက်ဘရွှန်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးပြီး သူရဲ့ကစားသမားဘဝကို သူ့မွေးရပ်မြေ ဘယ်ဂျီယံနဲ့ ဒုတိယအိမ်လို့ ပြောလို့ရမယ်လို့ အင်္ဂလန်မြေတို့မှာသာ ကျင်လည်ခဲ့ဖူးတာဖြစ်ပေမယ့် အင်တာမီလန်အသင်းဆီကို ပြောင်းရွှေ့ခဲ့ပြီးနောက်မှာလည်း စီးရီးအေပြိုင်ပွဲနဲ့ အံ့ဝင်ခွင်ကျဖြစ်အောင် ကစားနိုင်ခဲ့သလို ဒီရာသီမှာလည်း အင်တာအသင်းအတွက် စီးရီးအေသွင်းဂိုး (၂၃)ဂိုးအထိ သွင်းယူပြီး အင်မိုဘီလီ ရော်နယ်ဒိုတို့ရဲ့နောက် ဒီရာသီရဲ့တတိယမြောက် သွင်းဂိုးအများဆုံးသူအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

Photo Credit : AS English

အခုလည်း မနေ့ညက ဂီတာဖေးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ် (၁၆)သင်းအဆင့် ရှံးထွက်ပွဲစဉ်အတွင်းမှာ အသင်းအတွက် အရေးကြီးတဲ့ အဖွင့်ဂိုးတစ်ဂိုးကိုပါ သွင်းယူပေးနိုင်ခဲ့တာကြောင့် သူရဲ့ဒီရာသီ အင်တာအတွက် ပြိုင်ပွဲစုံမှာ သွင်းယူခဲ့တဲ့ စုစုပေါင်းသွင်းဂိုးက ဂိုး(၃၀)အထိကို ရှိသွားခဲ့ရပါတယ်။ လူကာကူဟာ သူရဲ့ကစားသမားဘဝမှာ တစ်ကြိမ်တစ်ခါမှ ဂိုး(၃၀)သွင်းယူခဲ့ခြင်းမရှိပဲ သူရဲ့ယူနိုက်တက်ကစားသမားဘဝ ပထမရာသီမှာပဲ (၂၇)ဂိုးအထိသာ အများဆုံးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အခုလို အင်တာအသင်းအတွက် ပြိုင်ပွဲစုံ ဂိုး(၃၀)သွင်းယူနိုင်ခဲ့တာကြောင့် ၂၀၁၀-၂၀၁၁ ဘောလုံးရာသီတုန်းက ဆင်မြူရယ်အီတိုး (၃၇)ဂိုး သွင်းယူပြီးနောက် ပထမဆုံးအကြိမ် အင်တာအတွက် ဂိုး(၃၀)သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ လူကာကူလိုပဲ အင်တာနဲ့ ပွဲဦးထွက်ရတဲ့နှစ်မှာ ဂိုး(၃၀) စတင်သွင်းယူနိုင်ခဲ့သူကတော့ ဘရာဇီးတိုက်စစ်မှူးကြီး ရော်နယ်ဒိုဖြစ်ပြီး တစ်ရာသီမှာ (၃၄)ဂိုးအထိ သွင်းယူခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် လူကာကူရဲ့အင်တာမီလန်အသင်းဟာ ဂီတာဖေးကို အနိုင်ယူနိုင်ခဲ့တဲ့အတွက် ယူရိုပါလိဂ် ကွာတားဖိုင်နယ်ကို တတ်လှမ်းသွားခဲ့ပြီး လေဗာကူဆင်နဲ့ရိန်းဂျားတို့့ပွဲက အနိုင်ရလာတဲ့အသင်းနဲ့ ကွာတားမှာ ထိပ်တိုက်ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။