MySport Myanmar

နည်းပြ အပြောင်းအလဲကြောင့် ချယ်လ်ဆီးကို လူကာကူ ပြန်သွားရနိုင်ဖွယ် ရှိနေ

လက်ရှိအချိန်မှာ ဖြစ်ပေါ်နေတဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြအပြောင်းအလဲကြောင့် နွေဈေးကွက်အတွင်း ချယ်လ်ဆီးကနေ အင်တာမီလန်အသင်းဆီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ထားခဲ့တဲ့ တိုက်စစ်ကစားသမား လူကာကူက အင်တာနဲ့ အငှားစာချုပ်ပြည့်ချိန်မှာ အင်တာကို အပြီးသတ် ပြောင်းရွှေ့ဖို့ထက် ချယ်လ်ဆီးအသင်းဆီကိုလည်း ပြန်သွားရနိုင်ခြေပါ ရှိနေတယ်လို့ အင်တာဒါရိုက်တာဖြစ်သူ ဂူဆက်ပီမာရော့တာက မှတ်ချက်ပြုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်ကစားသမား လူကာကူဟာ ဒီနှစ်ရဲ့ နွေဈေးကွက်အတွင်း ချယ်လ်ဆီးအသင်းကနေ သူ့အသင်းဟောင် အင်တာမီလန်ကို တစ်ရာသီအငှားနဲ့ ပြန်လည် ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က အင်တာကနေ ချယ်လ်ဆီးကို ချယ်လ်ဆီးရဲ့ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်(၉၇.၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ လူကာကူဟာ ချယ်လ်ဆီးနဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီကို ဖြတ်သန်းခဲ့ပြီးနောက် အသင်းအတွက် (၄၄)ပွဲကစားအပြီး သူ့သွင်းဂိုးက (၁၅)ဂိုးသာ ရှိခဲ့ရသလို ပရီးမီးယားလိဂ်မှာလည်း (၈)ဂိုးပဲ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Daily Mail

လူကာကူက ပြီးခဲ့တဲ့နှစ် နွေဈေးကွက်ထဲမှာ ချယ်လ်ဆီးကို မျှော်လင့်ချက်ပေါင်းများစွာနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပေမယ့်လည်း အသင်းမှာ ရုန်းကန်ခဲ့ရသလို နည်းပြတူဟယ်လ်နဲ့ပါ အဆင်မပြေမှုတွေ ရှိခဲ့ပါသေးတယ်။ ဒါကြောင့်ပဲ လူကာကူဟာ ချယ်လ်ဆီးနဲ့ တစ်ရာသီတည်းသာ ဖြတ်သန်းပြီးနောက် အင်တာကို အငှားနဲ့ ပြန်လည် ပြောင်းရွှေ့ခဲ့တာ ဖြစ်သလို အင်တာကို ပြန်ရောက်ချိန်မှာလည်း လူကာကူက အရမ်းပျော်မြူးနေတဲ့ ပုံစံပါ ဖြစ်နေရပါတယ်။ ဒါပေမယ့် လက်ရှိမှာ ချယ်လ်ဆီးက နည်းပြတူဟယ်လ်ကို ရာထူးက ထုတ်ပယ်ပြီး ဂရေဟမ်ပေါ်တာကို ပြန်လည် ခန့်အပ်ထားတာဖြစ်လို့ ဒီလို နည်းပြအပြောင်းအလဲက လူကာကူရဲ့ အနာဂတ်အပေါ်မှာပါ သက်ရောက်မှု ရှိလာနိုင်တယ်လို့ မာရော့တာက သုံးသပ်သွားခဲ့ပါတယ်။ မာရော့တာက “ချယ်လ်ဆီးရဲ့ နည်းပြ အပြောင်းအလဲက သတင်းအသစ်ပါ။ နည်းပြ အပြောင်းအလဲရဲ့ အကျိုးဆက်က လူကာကူရဲ့ အနာဂတ်အတွက် ဘယ်လိုဖြစ်လာန်ိုင်မလဲဆိုတာ ကျွန်တော် မသိပါဘူး။ ကျွန်တော်တို့တွေ လူကာကူဆီက အကောင်းဆုံး စွမ်းဆောင်ရည်ကို ရရှိချင်ပြီး ရာသီကုန်ဆုံးချိန်မှာ သူနဲ့ပတ်သတ်လို့ ချယ်လ်ဆီးအသင်းနဲ့ ဆွေးနွေးရပါလိမ့်မယ်။ နည်းပြအပြောင်းအလဲက သူ ချယ်လ်ဆီးကို ပြန်သွားရဖို့ အကြောင်းဖန်လာတာလားဆိုတာ ကျွန်တော် မသိပါဘူး။ ဒါက ခန့်မှန်းရခက်ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ အင်တာက လူကာကူကို အငှား ခေါ်ယူထားပေမယ့် အငှားပြည့်သွားချိန်မှာ အပြီးသတ် ခေါ်ယူချင်နေတာဖြစ်လို့ အခုလို ချယ်လ်ဆီးမှာ နည်းပြအပြောင်းအလဲ ဖြစ်ပေါ်နေချိန် လူကာကူ အပြောင်းအရွှေ့အတွက် ဆွေးနွေးရခက်လာနိုင်မှာကို စိုးရိမ်ပူပန်နေပါတယ်။

Exit mobile version