ဘယ်လ်ဂျီယံ လက်ရွေစင် တိုက်စစ်မှူး ရိုမယ်လ်လူ လူကာကူဟာ လက်ရှိမှာတော့ ချယ်လ်ဆီး စီနီယာအသင်းနဲ့ လေ့ကျင့်ခန်း မဆင်းရသေးပဲ အသက် (၂၁)နှစ်နဲ့အောက် လူငယ် ကစားသမားတွေနဲ့သာ လေ့ကျင့်နေရတယ်လို့ သိရပါတယ်။
လူကာကူဟာ ဒီနွေမှာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာဖို့ စီစဉ်နေပြီး သူ့ကို အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ပါ တောင်းဆိုထားခဲ့ပေမယ့်လည်း ချယ်လ်ဆီးဘက်ကတော့ လူကာကူကို အငှားစာချုပ်နဲ့ ထွက်ခွာခွင့် မပြုနိုင်ကြောင်း နဲ့ အပြီးသတ်မှသာ ထွက်ခွာခွင့်ပြုမှာဖြစ်ကြောင်း တုံ့ပြန်ထားခဲ့ပါတယ်။
Photo Credit : Premier League
အသက် (၃၀)အရွယ်ရှိ တိုက်စစ်မှူး လူကာကူဟာ ၂၀၂၁ခုနှစ်ကမှ အင်တာမီလန်ကနေ ချယ်လ်ဆီးအသင်းဆီ ပေါင် (၉၇.၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပေမယ့် Sky Italia နဲ့ လုပ်ဆောင်ခဲ့တဲ့ အင်တာဗျူးထဲမှာ အသင်းဟောင်း အင်တာမီလန်ကို လွမ်းဆွတ်နေပြီး ချယ်လ်ဆီးမှာလည်း မပျော်မရွှင် ဖြစ်နေရကြောင်းကို ထည့်သွင်း ပြောဆိုခဲ့ရာ အသင်းနဲ့ ပြသာနာ ဖြစ်ခဲ့ရပါတယ်။
ဒါ့အပြင် ခြေစွမ်းပိုင်းတွေလည်း ကျဆင်းလာတာကြောင့် နောက်တစ်နှစ်မှာပဲ ချယ်လ်ဆီးက လူကာကူကို သူ့အသင်းဟောင်းဆီ အငှားနဲ့ ပို့ဆောင်ခဲ့ပါတယ်။ အင်တာမှာလည်း ရုန်းကန်နေခဲ့ရတဲ့ လူကာကူဟာ သူရဲ့ လက်မခံနိုင်စရာ အပြုအမှုတွေကြောင့် အင်တာက အပြီးသတ် ပြန်လည် ဝယ်ယူခြင်း မပြုတော့ပဲ လက်ရှိမှာ သူ့ကို ဂျုဗင်တပ်စ် တစ်သင်းတည်းကသာ စိတ်ဝင်စားနေပါတယ်။
Photo Credit : The Independent
ဒါပေမယ့်လည်း ဂျုဗင်တပ်စ်အသင်းအတွက် ဆာဘီးယား တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်က စီးရီးအေ တာထွက် ပွဲစဉ်အတွင်း သွင်းဂိုးတစ်ဂိုးပါ သွင်းယူရင်း ခြေစွမ်းပြထားနိုင်တာကြောင့် ဗလာဟိုဗစ်ကို ရောင်းချပြီး လူကာကူကို ခေါ်ယူဖို့ဆိုတာက ဖြစ်နိုင်ခြေ အရမ်းနည်းပါးပါတယ်။
ဒီလို အခြေအနေမှာ လူကာကူက ဆော်ဒီကလပ်အသင်းတွေကိုသာ ရွေးချယ်သွားရနိုင်ပြီး သူ့ကိုလည်း ဆော်ဒီကလပ်တွေက ခေါ်ယူချင်နေတာဖြစ်လို့ လူကာကူအနေနဲ့ ဥရောပ ကလပ်အသင်းတွေဆီ မပြောင်းရွှေ့ဖြစ်ခဲ့ရင် ဆော်ဒီက လူကာကူအတွက် အကောင်းဆုံး option တစ်ခု ဖြစ်သွားနိုင်ပါတယ်။