လက်ရှိ ဥရောပချန်ပီယံ ချယ်လ်ဆီးအသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးပိုင်ရှင် တိုက်စစ်မှူးသစ် လူကာကူဟာ ယမန်နေ့မှာ ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှာ အသင်းအတွက် ပါဝင် ကစားပေးရင်း ချယ်လ်ဆီး ကစားသမားဘဝ ပထမဦးဆုံး သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

လူကာကူဟာ ၂၀၁၁ခုနှစ် ကနေ ၂၀၁၄ခုနှစ် အထိ ချယ်လ်ဆီးအသင်းမှာ ကစားခဲ့ဖူးသူ တဦး ဖြစ်ပြီး အဆိုပါအချိန်တုန်းက လူငယ် တိုက်စစ်မှူး ဖြစ်တဲ့ လူကာကူဟာ ချယ်လ်ဆီးအသင်း အတွက် သွင်းဂိုး တဂိုးမှ သွင်းယူပေးနိုင်ခဲ့ခြင်း မရှိပဲ ဂိုးဖန်တီးမှု ၁ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Marca

ဒါကြောင့် အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှာ သွင်းယူနိုင်ခဲ့တဲ့ လူကာကူရဲ့ သွင်းဂိုးဟာ သူ့ရဲ့ ချယ်လ်ဆီးအသင်း ကစားသမားဘဝ ပထမဦးဆုံး သွင်းဂိုး ဖြစ်ခဲ့ပြီး ချယ်လ်ဆီးအသင်း အတွက် ဂိုးသွင်းပေးနိုင်ခဲ့တဲ့ အပေါ် လူကာကူက အတော်လေးကို ပျော်ရွှင်နေပါတယ်။

လူကာကူဟာ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်မှူးဟောင်း ဒရော့ဘာကို အားကျသူ တဦး ဖြစ်ပြီး ငယ်စဉ်ထဲက ချယ်လ်ဆီးအသင်းရဲ့ ပွဲစဉ်တွေကို ကြည့်ရှုရင်း ကြီးပြင်းလာသူလည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အာဆင်နယ်နဲ့ ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ပြီးနောက် လူကာကူဟာ ချယ်လ်ဆီးအသင်းရဲ့ တံဆိပ်ကို မြတ်မြတ်နိုးနိုး နမ်းရှုံ့ကာ အောင်ပွဲခံခဲ့တာပါ။

Photo Credit: Marca

အာဆင်နယ်အသင်းနဲ့ ပွဲပြီးဆုံးချိန်မှာတော့ လူကာကူက ချယ်လ်ဆီးအသင်း အတွက် သွင်းပေးနိုင်ခဲ့တဲ့ သွင်းဂိုးဟာ သူ့ရဲ့ ကစားသမားဘဝ တလျှောက် သွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုးတွေ အနက် အကောင်းဆုံး သွင်းဂိုး ဖြစ်ကြောင်း ပြောပြကာ ချယ်လ်ဆီးအသင်းကို ဘယ်လောက်အထိ ချစ်မြတ်နိုးလဲ ဆိုတာ ရှင်းပြခဲ့ပါတယ်။

ချယ်လ်ဆီးကစားသမားဘဝ ပထမဦးဆုံး သွင်းဂိုးနဲ့ ပတ်သတ်ပြီး လူကာကူက – “ကျွန်တော့်ရဲ့ ပရီးမီးယားလိဂ် သွင်းဂိုးတွေထဲမှာ ဒီသွင်းဂိုးက အကောင်းဆုံးပါ။ ကျွန်တော် သွင်းဖူးသမျှ သွင်းဂိုးတွေထဲမှာ အကောင်းဆုံးဆိုလည်း မမှားပါဘူး” လို့ ဖြေကြားခဲ့တာပါ။