အင်တာမီလန်အသင်းရဲ့ တိုက်စစ်ကစားသမား လူကာကူကတော့ မနေ့ညက ကစားသွားခဲ့တဲ့ ဂျီနိုအာနဲ့ အင်တာအသင်းတို့ရဲ့ အီတလီစီးရီးအေ ပွဲစဉ်(၃၆)အတွင်းမှာ အသင်းအတွက် ဦးဆောင်ဂိုးကို ခေါင်းတိုက်သွင်းယူနိုင်ခဲ့သလို ပွဲသိမ်းသွင်းဂိုးကိုပါ သွင်းယူနိုင်ခဲ့လို့ သူရဲ့ဒီရာသီ စီးရီးအေသွင်းဂိုး (၂၃)ဂိုးအထိ ရှိလာခဲ့သလို ဒီရာသီမှာ အင်တာအသင်းအတွက် သွင်းယူခဲ့တဲ့ စီးရီးအေ အဝေးကွင်းသွင်းဂိုးဟာလည်း (၁၅)ဂိုးအထိ ရှိလာခဲ့လို့ အသင်းမှာ နှစ်ပေါင်း(၇၀)လောက်က တည်ရှိခဲ့တဲ့ တစ်ရာသီအတွင်း အဝေးဂိုးအများဆုံး သွင်းယူနိုင်တဲ့ စတီဖာနိုနိုင်းယက်စ်ရဲ့စံချိန်နဲ့ တူညီသွားခဲ့ရပါတယ်။

Photo Credit : Goal

အသက်(၂၇)နှစ်အရွှယ်ရှိ ဘယ်ဂျီယံလက်ရွေးစင် တိုက်စစ်မှူး ရိုမယ်အူလူကာကူဟာ ဒီနှစ်ဘောလုံးရာသီအစမှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ အင်တာမီလန်အသင်းဆီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ ပြိုင်ပွဲစုံ (၄၅)ပွဲအထိကို ပါဝင်ကစားထားခဲ့ကာ သွင်းဂိုးပေါင်း(၂၉)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ အခုလည်း ဒီရာသီအတွင်း သူရဲ့စီးရီးအေသွင်းဂိုးက (၂၃)ဂိုးရှိလာခဲ့သလို စီးရီးအေ အဝေးကွင်းသွင်းဂိုးဟာလည်း (၁၅)ဂိုးအထိ ရှိလာခဲ့တာကြောင့် ၁၉၄၅-၁၉၅၀ ဘောလုံးရာသီတုန်းက အင်တာအသင်းမှာ စတီဖာနိုနိုင်းယက်စ်ဆိုတဲ့ ကစားသမားဟောင်းကြီး တင်ရှိခဲ့တဲ့ အဝေးကွင်းသွင်းဂိုးစံချိန်ကို လိုက်မှီသွားခဲ့ပါတယ်။

Photo Credit : Sempreinter

အဲဗာတန် ချယ်လ်ဆီးနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ တိုက်စစ်မှူးဟောင်း လူကာကူဟာ ပရီးမီးယားလိဂ်မှာသာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ဖူးသူဖြစ်လို့ အင်တာကို ပြောင်းရွှေ့ရောက်ရှိသွားချိန် အီတလီမြေပေါ်မှာ ရုန်းကန်မှုတွေ ရှိလာနိုင်တယ်လို့ ယူဆခံခဲ့ရပေမယ့် တကယ်တမ်းမှာတော့ လူကာကူဟာ စီးရီးအေမှာရော အင်တာအသင်းမှာပါ အလျင်အမြန်အထိုင်ကျခဲ့ပြီး အခုဆိုရင် လိဂ်သွင်းဂိုး(၂၃)ဂိုး သွင်းယူထားခဲ့ပြီး ဒီရာသီ စီးရီးအေရဲ့ တတိယဂိုးသွင်းအများဆုံး ကစားသမားအဖြစ်ပါ ရပ်တည်လျက်ရှိနေပါတယ်။ လက်ရှိမှာ လူကာကူရဲ့အင်တာအသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့်(၂)နေရာမှာ ရပ်တည်နေပေမယ့် ထိပ်ဆုံးက ဂျုဗင်တပ်စ်အသင်းရဲ့ချန်ပီယံပြေးလမ်းကိုတော့ အနှောင့်အယှက်မပြုနိုင်တော့သလို ချန်ပီယံလိဂ်ဝင်ခွင့်ကလည်း သေချာသွားခဲ့ပြီဖြစ်လို့ အဆင့်ကောင်းကောင်းလေးနဲ့ ရာသီသိမ်းနိုင်ဖို့ကို ကြိုးပမ်းရတော့မှာဖြစ်ပါတယ်။ အင်တာအသင်းဟာ ရာသီအစတုန်းက ဂျုဗင်တပ်စ်အသင်းကို အနီးကပ်ဖိအားပေးနိုင်ခဲ့ပေမယ့်လည်း ရမှတ်ဆုံးရှံးမှုတွေ များလာခဲ့ရလို့ ဂျုဗင်တပ်စ်နဲ့ အမှတ်ကွာဟမှုက ကြီးမားလာခဲ့ရတာဖြစ်ပြီး လာမယ့်နှစ်မှာတော့ ဂျုဗင်တပ်စ်ရဲ့လက်ထဲကနေ စီးရီးအေချန်ပီယံဆုကို အရယူနိုင်အောင် ကြိုးပမ်းလာဖွယ်ရှိနေပါတယ်။