အင်တာမီလန်အသင်းရဲ့ တိုက်စစ်ကစားသမား ရိုမယ်လူလ်လူကာကူက သူရဲ့ဆရာသမားဟောင်းဖြစ်တဲ့ စပါးနည်းပြ ဟိုဆေးမော်ရင်ဟိုက စပါးအသင်းရဲ့ အထောင်တိုက်စစ်ကစားသမား ဟယ်ရီကိန်းကို အသင်းနဲ့ အံ့ဝင်ခွင်ကျအောင် ကစားတတ်တဲ့ အသင်းသားတစ်ယောက် ဖြစ်လာစေဖို့အတွက် သင်ကြားပေးနေတာဖြစ်ပြီး သူ့ကိုလည်း ချယ်လ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းမှာတုန်းက ဒီပုံစံအတိုင်းပဲ သင်ကြားပေးခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၂၇)နှစ်အရွှယ်ရှိ ဘယ်ဂျီယံလက်ရွေးစင် တိုက်စစ်ကစားသမား လူကာကူဟာ သူရဲ့အသင်းဟောင်းတွေဖြစ်တဲ့ ချယ်လ်ဆီးနဲ့ ယူနိုက်တက်အသင်းတွေမှာ နည်းပြမော်ရင်ဟိုနဲ့ လက်တွဲခဲ့ဖူးတာဖြစ်ပြီး ဆရာသမားဟောင်း မော်ရင်ဟိုက သူ့ကို အသင်းနဲ့ တစ်သားတည်းဖြစ်အောင် ဆော့ကစားတတ်လာစေဖို့အတွက် အဓိကသင်ကြားပေးခဲ့တာဖြစ်ပါတယ်။ အခုလည်း မော်ရင်ဟိုဟာ စပါးအသင်းမှာ တိုက်စစ်ကစားသမား ဟယ်ရီကိန်းကို သူ့လို ကစားသမားပုံစံမျိုး ဖြစ်လာစေဖို့အတွက် သင်ကြားပေးနေတာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : The Sun

လူကာကူက “ဟိုဆေးမော်ရင်ဟိုက ကျွန်တော့်ကို အသင်းအဖွဲ့နဲ့ အကောင်းဆုံး ကစားတတ်လာစေဖို့အတွက် သင်ကြားပေးခဲ့တာပါ။ Pressing လုပ်ဖို့အတွက်ရော ကိုယ်ရဲ့နေရာမှာ အကောင်းဆုံးဖြစ်လာစေဖို့အတွက်ပါ သင်ပြပေးတယ်။ အခု သူ တော့တင်ဟမ်မှာလည်း ဟယ်ရီကိန်းနဲ့အတူ ဘယ်လိုစွမ်းဆောင်ရည်တွေကို ရရှိနေသလဲဆိုတာကိုပါ မြင်တွေ့နိုင်ပါတယ်” လို့ ရှင်းလင်းပြောဆိုလိုက်ပါတယ်။ အသက်(၂၇)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဟယ်ရီကိန်းဟာ အသင်းရဲ့ သွင်းဂိုးတာဝန်တွေအတွက် အဓိကကျတဲ့ ကစားသမားတစ်ယောက် ဖြစ်ပေမယ့်လည်း အသင်းကို မော်ရင်ဟို ရောက်ရှိလာပြီးနောက်ပိုင်းမှာ ဟယ်ရီကိန်းကို ဂိုးတွေသွင်းယူဖို့အတွက်ရော တစ်သင်းလုံးနဲ့ လိုက်လံကစားဖို့အတွက်ပါ တာဝန်ပေးခဲ့ပြီး ကိန်းကိုယ်တိုင်ကလည်း ဒီနှစ်ဘောလုံးရာသီအတွင်း သွင်းဂိုးရော ဂိုးဖန်တီးမှုမှာပါ အနိမ့်ဆုံး (၁၀)ဂိုးစီ စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။ ဒီရာသီမှာ ကိန်းက ယခင်နှစ်တွေကနဲ့မတူ ဂိုးဖန်တီးမှုတွေကို ပိုမိုအသားပေး လုပ်ဆောင်လာနိုင်ခဲ့ပြီး တခြားအသင်းတွေရဲ့ ကွင်းလယ်ဖန်တီးရှင် ကစားသမားတွေထက်ပင် တိကျလှတဲ့ ဂိုးဖန်တီးမှုတွေကို လုပ်ဆောင်လာနိုင်ခဲ့ပါတယ်။ အခုဆိုရင် ဟယ်ရီကိန်း ဆွန်ဟောင်မင်တို့ရဲ့ အတွဲအဖက်နဲ့ စပါးအသင်းက ဒီရာသီအတွင်း ပရီးမီးယားလိဂ်မှာ သွင်းဂိုးများစွာကို သွင်းယူထားနိုင်ခဲ့ပါတယ်။ လူကာကူကလည်း ဒီရာသီ အင်တာမီလန်အသင်းအတွက် စီးရီးအေပြိုင်ပွဲမှာ သွင်းဂိုး(၁၂)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။