MySport Myanmar

လစာ တဝက်နီးပါး လျှော့ယူပြီး အင်တာမီလန်ဆီ ပြန်ဖို့ ခေါင်းညိတ်လိုက်တဲ့ လူကာကူ

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ရိုမီလု လူကာကူက နွေအပြောင်းအရွှေ့မှာ ချယ်လ်ဆီးကနေ သူ့ရဲ့ အသင်းဟောင်း တသင်း ဖြစ်တဲ့ အင်တာမီလန်ဆီ ပြန်လည် ပြောင်းရွှေ့ဖို့ ခေါင်းညိတ်လိုက်ကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားပါတယ်။

အသက် ၂၉နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး လူကာကူဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ အင်တာမီလန်ကနေ ချယ်လ်ဆီးထံ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ဖြစ်တဲ့ ယူရို ၁၁၃သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ချယ်လ်ဆီးနဲ့အတူ ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: 90 Mins

လူငယ် ကစားသမား ဘဝမှာထဲက ချယ်လ်ဆီးမှာ ကစားခဲ့ဖူးတဲ့ လူကာကူက ချယ်လ်ဆီးဆီ ဒုတိယအကြိမ်မြောက် ရောက်ရှိချိန်မှာလည်း မျှော်မှန်းထားသလို ခြေစွမ်းကောင်းတွေ မပြသနိုင်ခဲ့ပဲ နည်းပြဖြစ်သူ တူဟယ်လ်ရဲ့ နည်းစနစ်တွေကို လူသိရှင်ကြား ဝေဖန်ခဲ့သလို အသင်းကနေ ထွက်ခွာချင်ကြောင်း တရားဝင် ထုတ်ဖော် ဝန်ခံခဲ့ပါတယ်။

အီတလီ စီးရီးအေပြိုင်ပွဲမှာ ကစားခဲ့စဉ်က အင်တာမီလန်နဲ့ တောက်ပခဲ့တဲ့ လူကာကူဟာ ချယ်လ်ဆီးဆီ ရောက်ရှိချိန်မှာတော့ တူဟယ်လ်ရဲ့ မြန်နှုန်းမြင့် ကစားဟန်နဲ့ လိုက်လျောညီထွေ ဖြစ်ဖို့ ခက်ခဲခဲ့ပြီး တူဟယ်လ်ကလည်း လူကာကူကို ခေါ်ယူခဲ့မိလို့ နောင်တရနေသလို အကယ်၍ လူကာကူ အတွက် ထိုက်သင့်တဲ့ ကမ်းလှမ်းမှု တရပ် ရလာရင် လူကာကူကို ရောင်းထုတ်ဖို့ပါ အသင်းရဲ့ ဘုတ်အဖွဲ့ထံ အသိပေးထားပါတယ်။

Photo Credit: 90 Mins

ဒါကြောင့်ပဲ လူကာကူရဲ့ အသင်းဟောင်း တသင်း ဖြစ်တဲ့ အင်တာမီလန်က ယခု နွေအပြောင်းအရွှေ့မှာပဲ လူကာကူကို ပြန်လည် ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီး လူကာကူကလည်း ချယ်လ်ဆီးကနေ ထွက်ခွာကာ အင်တာမီလန်ဆီ ပြန်လည် ပြောင်းရွှေ့ဖို့ စိတ်အားထက်သန် နေပါတယ်။

နာမည်ကြီး အီတလီ အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Gazetta သတင်းဌာနရဲ့ ဖော်ပြချက်အရ လူကာကူက အင်တာမီလန်ဆီ ပြန်လည် ပြောင်းရွှေ့ရာမှာ သူ့ရဲ့ လက်ရှိ တနှစ် လုပ်ခလစာ ယူရို ၁၀သန်းရဲ့ ထက်ဝက်နီးပါး ပမာဏသာ ရှိတဲ့ တနှစ် လုပ်ခလစာ ယူရို ၆.၅သန်းသာ ရယူဖို့ သဘောတူထားသလို အင်တာမီလန်က လူကာကူ အတွက် တရာသီအငှား + ရာသီကုန်ရင် ယူရို ၅၀သန်းနဲ့ အပြီးသတ် ခေါ်ယူခွင့် ပါတဲ့ ကမ်းလှမ်းမှု တရပ်နဲ့ စတင် ကမ်းလှမ်းတော့မယ်လို့လည်း သိရပါတယ်။

Exit mobile version