ဒီနှစ်ဘောလုံးရာသီအစမှာပဲ မန်ချက်စတာယူနိုက်တက်အသင်းကနေ အင်တာမီလန်အသင်းဆီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလို့လာခဲ့တဲ့ ဘယ်ဂျီယံလက်ရွေးစင် တိုက်စစ်ကစားသမား ရိုမယ်လူလ်လူကာကူဟာ သူရဲ့အသင်းသစ်အတွက် သွင်းဂိုးတွေကို ဆက်တိုက်သွင်းယူလာခဲ့ရာ အခုဆိုရင် ဒီရာသီ သူရဲ့အီတလီစီးရီးအေသွင်းဂိုးက ၁၇ဂိုးအထိ ရှိလာခဲ့သလို ချန်ပီယံလိဂ်သွင်းဂိုးက ၂ဂိုး ကိုပါအီတလီယာပြိုင်ပွဲရဲ့ သွင်းဂိုးက၂ဂိုးနဲ့ ယူရိုပါလိဂ်သွင်းဂိုးက ၂ဂိုးနဲ့ စုစုပေါင်းသွင်းဂိုးက ၂၃ဂိုးအထိကို ရှိလာခဲ့ရပါတယ်။

Photo Credit : Getty Images

အသက်၂၆နှစ်အရွှယ်ရှိ တိုက်စစ်ကစားသမားလူကာကူဟာ သူရဲ့ကစားသမားဘဝကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာသာ အချိန်ပေါင်းများစွာ ဖြတ်သန်းခဲ့တာဖြစ်ပြီး ချယ်လ်ဆီး ဝက်ဘရွန်း အဲဗာတန်နဲ့ ယူနိုက်တက်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးသူဖြစ်ပါတယ်။ အီတလီစီးရီးအေမှာ တစ်ခါမှ မကျင်လည်ခဲ့ဖူးတဲ့ လူကာကူဟာ ဒီနှစ်ဘောလုံးရာသီမှာတော့ အင်တာကစားသမားဖြစ်လာချိန် သူရဲ့သွင်းဂိုးစွမ်းရည်တွေက မရပ်တန့်သွားခဲ့ပဲ ဒီရာသီ စီးရီးအေမှာ အင်တာအတွက် ၂၄ပွဲကစားထားကာ လိဂ်သွင်းဂိုး၁၇ဂိုးတောင် သွင်းယူထားနိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

ဘယ်ဂျီယံတိုက်စစ်ကစားသမား လူကာကူဟာ မနေ့ညက ကျင်းပခဲ့တဲ့ အင်တာမီလန်အသင်းနဲ့ လူဒိုဂိုရက်စ်အသင်းတို့ရဲ့ ယူရိုပါလိဂ် ၃၂သင်းအဆင့် ရှံးထွက်ဒုတိယအကျော့ပွဲမှာ အင်တာအတွက် သွင်းဂိုးတစ်ဂိုးကို ရယူနိုင်ခဲ့တာကြောင့် အခုဆိုရင် အင်တာအတွက် ပြိုင်ပွဲစုံမှာ အနည်းဆုံး သွင်းဂိုး၂ဂိုးစီ ရယူထားနိုင်ခဲ့တဲ့ ဒုတိယမြောက် ကစားသမားဖြစ်လာခဲ့ရပါတယ်။ အင်တာမီလန်အသင်းအတွက် အသင်းသမိုင်းတလျှောက် အခုလို သွင်းဂိုး၂ဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့သူက တိုက်စစ်မှူးဟောင်း ဆင်မြူရယ်အီတိုးတစ်ဦးသာ ရှိခဲ့တာဖြစ်ပါတယ်။ ကင်မရွန်းအသင်းရဲ့ ဂန္တဝင်တိုက်စစ်မှူးဟောင်းကြီးအီတိုးက ၂၀၁၁-၂၀၁၂ ဘောလုံးရာသီအတွင်းမှာ အင်တာအတွက် စီးရီးအေသွင်းဂိုး ၂၁ဂိုး ၊ ချန်ပီယံလိဂ်သွင်းဂိုး ၈ဂိုး ၊ စူပါကိုပါသွင်းဂိုး ၂ဂိုးနဲ့ ကိုပါအီတလီယာသွင်းဂိုး ၅ဂိုးစီ သွင်းယူထားနိုင်ခဲ့ရာ အခုဆိုရင် ဒီစံချိန်ကို လူကာကူကပါ လိုက်မှီသွားခဲ့ရပါတယ်။