MySport Myanmar

အာဂျင်တီးနားကိုပါ ကျော်ဖြတ်သွားနိုင်ဖို့အတွက် အာရုံစိုက်ထားတယ်လို့ မိုဒရစ် ဆို

ခရိုအေးရှားလက်ရွေးစင်အသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတွေမှာ ပါဝင်ကစားနေတဲ့ ဝါရင့် ကွင်းလယ်ကစားသမားကြီး လူကာမိုဒရစ်က ရီးယဲလ်မှာပဲ ကစားသမားဘဝ ဆုံးခန်းတိုင်ချိန်အထိ ကစားသွားချင်ပေမယ့် လက်ရှိအချိန်မှာတော့ သူရဲ့ လက်ရွေးစင်အသင်းအတွက်ကိုသာ အာရုံစိုက်ထားပြီး ဆီမီးဖိုင်နယ်မှာ အာဂျင်တီးနားအသင်းကိုပါ ထပ်မံ ကျော်ဖြတ်သွားနိုင်ဖို့ အာရုံစိုက်ထားတယ်လို့ ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Managing Madrid

မိုဒရစ်ရဲ့ ခရိုအေးရှားအသင်းဟာ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုတွင်း ရမှတ်(၅)မှတ် အုပ်စုဒုတိယနေရာနဲ့ နောက်တစ်ဆင့်ကို တတ်လှမ်းခဲ့ရသလို ရှုံးထွက်နဲ့ ကွာတားအဆင့်တွေမှာ ဂျပန် ဘရာဇီးလ်အသင်းတွေကို ပင်နယ်တီ အဆုံးအဖြတ်တွေနဲ့ အနိုင်ယူ ကျော်ဖြတ်လာနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ခရိုအေးရှားအသင်းဟာ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်မှာ နောက်ထပ် တောင်အမေရိက ထိပ်သီးအသင်းကြီးဖြစ်တဲ့ အာဂျင်တီးနားနဲ့ တွေ့ဆုံသွားရတော့မှာပဲ ဖြစ်ပါတယ်။ ဒီပွဲစဉ်နဲ့ ပတ်သတ်ပြီး မိုဒရစ်က “အခုကတော့ ကျွန်တော်က ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆင်နွဲနေရဆဲဖြစ်ပြီး ခရိုအေးရှားအတွက် အရမ်း အာရုံစိုက်နေပါတယ်”

Photo Credit : Sky Sports

“ဒါတွေပြီးရင် ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။ ကမ္ဘာ့ဖလားပြီးရင် အရာအားလုံးအကြောင်း ပြောပြဖို့ အချိန်လုံလောက်ပါပြီ” လို့ ပြောဆိုခဲ့ပါတယ်။ ဆက်လက်ပြီး မိုဒရစ်က သူရဲ့ အနာဂတ်အကြောင်းကို “ကျွန်တော် ရီးယဲလ်မက်ဒရစ်အသင်းမှာပဲ ကစားသမားဘဝကို အဆုံးသတ်သွားချင်တယ်ဆိုတာ သေချာပါတယ်။ ဒီစကားကိုလည်း ကျွန်တော် အကြိမ်ပေါင်းများစွာ ပြောဆိုခဲ့ပါတယ်။ ခင်ဗျားအနေနဲ့ အရာအားလုံးကို ရာနှုန်းပြည့် ဘာမှ မပြောနိုင်ပေမယ့် ဒါက ကျွန်တော့်စိတ်ကူးပါပဲ။ ကျွန်တော့်အတွက် အိမ်မက်တစ်ခုပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ လက်ရှိမှာ အသက်(၃၇)နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ ကွင်းလယ်ကစားသမားကြီး မိုဒရစ်က ခရိုအေးရှားအသင်းနဲ့အတူ 2022 World Cup မှာ အောင်မြင်မှု ရယူနိုင်ဖို့အတွက် အစွမ်းကုန် ကြိုးပမ်းလျက် ရှိနေသလို ဒီပြိုင်ပွဲကြီး ပြီးဆုံးသွားချိန်မှာလည်း သူရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ဆုံးဖြတ်ချက် တစ်စုံတစ်ရာကို ချမှတ်သွားဖို့ပါ ရှိနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ကမ္ဘာ့ဖလားတုန်းက ခရိုအေးရှားအသင်းကို ဖိုင်နယ်အထိ ပို့ဆောင်ခဲ့သူ မိုဒရစ်ဟာ အဲ့ဒီနှစ်မှာပဲ Ballon d’Or ဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Exit mobile version