ခရိုအေးရှားအသင်း ဝါရင့် ကစားသမားကြီး လူကာမိုဒရစ်ဟာ အသင်းနဲ့အတူ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ဆင်နွဲခဲ့ပြီးပြီ ဖြစ်ပေမယ့်လည်း လက်ရွေးစင် ကစားသမားဘဝကနေ ချက်ချင်း အနားယူလိုက်ဖို့ အစီအစဉ် မရှိသေးပဲ UEFA Nations League ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဝင်ရောက် ယှဉ်ပြိုင်သွားဦးမယ်လို့ ကြုံးဝါး ပြောဆိုလိုက်ပါတယ်။

Photo Credit : AS USA

လက်ရှိမှာ အသက်(၃၇)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မိုဒရစ်ဟာ သူရဲ့ကလပ်အသင်းအတွက်ရော လက်ရွေးစင်အသင်းအတွက်ပါ အကောင်းဆုံး စွမ်းဆောင်နေနိုင်ပြီး အခုလည်း သူရဲ့လက်ရွေးစင်အသင်း ခရိုအေးရှားကို ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယနေရာထိ ရရှိအောင် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ရုရှားကမ္ဘာ့ဖလားမှာတုန်းကလည်း ခရိုအေးရှားကို ဗိုလ်လုပွဲအဆင့်ထိ တတ်လှမ်းနိုင်အောင် မိုဒရစ်ကပဲ အဓိက အခန်းကဏ္ဍာနေရာကနေ စွမ်းဆောင်ပေးခဲ့ပါတယ်။ လက်ရှိမှာတော့ မိုဒရစ်ဟာ (၃၇)နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်သလို လက်ရွေးစင်အသင်းကနေ အနားယူပြီး ကလပ်အသင်းအတွက်ကိုသာ ပိုမို အားစိုက်ရတော့မယ့် အသက်အရွယ်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit : Marca

ဒါပေမယ့်လည်း မိုဒရစ်ကတော့ သူ့အနေနဲ့ လက်ရှိမှာ လက်ရွေးစင် ကစားသမားဘဝကို အဆုံးမသတ်နိုင်သေးပဲ ခရိုအေးရှားက UEFA Nations League ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ထိ ရောက်ရှိနေတာဖြစ်လို့ အဲ့ဒီပြိုင်ပွဲကို ဆက်လက် ဆင်နွဲသွားဦးမယ်လို့ ပြောကြားလာခဲ့ပါတယ်။ မိုဒရစ်က “ဒီဆုတံဆိပ်(တတိယနေရာအတွက် ကြေးတံဆိပ်)က ကျွန်တော်တို့အတွက် ကျွန်တော့်အတွက် ခရိုအေးရှားအသင်းအတွက် ခရိုအေးရှားနိုင်ငံအတွက် အရမ်း အရေးကြီးပါတယ်။ ခရိုအေးရှားဟာ ဘောလုံးလောကထဲမှာ အရေးပါတဲ့ အခန်းကဏ္ဍာကနေ ပါဝင်နေတယ်ဆိုတာကို ဒီဆုတံဆိပ်နဲ့ အတည်ပြုခဲ့ပြီး ကာတာကနေလည်း အောင်နိုင်သူတွေအဖြစ်နဲ့ ပြန်လည် ထွက်ခွာခဲ့ပါပြီ။ ကျွန်တော် အနာဂတ်နဲ့ ပတ်သတ်ပြီး ဂျာမနီ ယူရိုပြိုင်ပွဲအထိ ကျွန်တော် ဆက်ကစားနေနိုင်ဦးမလားဆိုတာ မသိသေးပါဘူး။ ကြည့်ရတာပေါ့။ တစ်ဆင့်ပြီးတစ်ဆင့် သွားဖို့ လိုပါတယ်။ ကျွန်တော် နိုင်ငံအသင်းအတွက် ကစားပေးနေရတာ ပျော်ပါတယ်။ မြင့်မားတဲ့အဆင့်မှာ စွမ်းဆောင်နိုင်ဦးမယ်လို့ ထင်နေသေးသလို အနည်းဆုံး နေးရှင်းစ်လိဂ်အထိ ဆက်သွားချင်ပါသေးတယ်။ အဲ့ဒါပြီးရင်တော့ ယူရိုအကြောင်း စဉ်းစားဖို့ အချိန်ပိုရလိမ့်မယ်။ အခုကတော့ အနည်းဆုံး နေးရှင်းစ်လိဂ်အထိ ဆက်သွားပြီးမှ စောင့်ကြည့်ရပါမယ်” လို့ ပြောကြားလာခဲ့ပါတယ်။