MySport Myanmar

ဆွမ်ဆီးအသင်းရဲ့ အစုရှယ်ယာရှင်တစ်ဦး ဖြစ်လာခဲ့တဲ့ လူကာ မိုဒရစ်

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဝါရင့် ကွင်းလယ်ကစားသမားကြီး လူကာ မိုဒရစ်ဟာ အင်္ဂလန် ချန်ပီယံရှစ်ကလပ်အသင်းဖြစ်တဲ့ ဝေးလ်စ်အခြေစိုက်ကလပ် ဆွမ်ဆီး စီးတီးအသင်းမှာ အစုရှယ်ယာရှင်တစ်ဦး ဖြစ်လာခဲ့တယ်လို့ ထုတ်ဖော် ပြသခဲ့ပါတယ်။

ဖာဘရီဇီယို ရိုမာနိုရဲ့ သတင်းဖော်ပြချက်အရ မိုဒရစ်ဟာ ဆွမ်ဆီးရဲ့ အစုရှယ်ယာအနည်းငယ်ကို ဝယ်ယူခဲ့ပါတယ်။ ဒီကလပ်ရဲ့ ပိုင်ဆိုင်မှုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ပြောင်းလဲခဲ့ပြီး မိုဒရစ်ဟာ အခုဆို ဆွမ်ဆီးရဲ့ အစုရှယ်ယာရှင်အဖွဲ့ထဲ ပါဝင်လာမှာဖြစ်ပေမယ့် သူ ဘယ်လောက် ရင်းနှီးမြှုပ်နှံခဲ့လဲ ဘယ်လောက် အစုရှယ်ယာရရှိခဲ့လဲဆိုတာ မသိရှိရသေးပါဘူး။

Photo Credit : EFL Analysis

ဆွမ်ဆီးအသင်းဟာ ချန်ပီယံရှစ်မှာ အဆင့်(၁၂)နေရာ ရပ်တည်နေပြီး ရာသီကုန်ဆုံးဖို့အတွက် (၄)ပွဲသာ ကျန်ရှိတော့တဲ့အချိန် ပလေးအော့ဖ်နေရာတွေနဲ့ ရမှတ် (၈)မှတ်အကွာမှာ ရှိနေပါတယ်။ ဒါ့အပြင် ဆွမ်ဆီးက လက်ရှိမှာ နည်းပြမရှိဘဲ မတ်လမှာ လုခ် ဝီလျံကို ထုတ်ပယ်ပြီးနောက် အလန် ရှီဟန်က ယာယီနည်းပြအဖြစ် တာဝန်ယူနေပါတယ်။

ဆွမ်ဆီးအသင်းအနေနဲ့ ဒီရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တန်းတက်ဖို့ မဖြစ်နိုင်တော့ပေမယ့် အသင်းဆီ အစုရှယ်ယာရှင်အဖြစ် ရောက်လာတော့မယ့် မိုဒရစ်က သူ့ရဲ့ အတွေ့အကြုံများစွာကို ကလပ်ဆီ ယူဆောင်လာဖွယ် ရှိနိုင်ပြီး ၂၀၁၈ နောက်ပိုင်းကတည်းက ဝေးကွာသွားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးဆီကို ပြန်လည်ရောက်ရှိဖို့ ကလပ်ရဲ့ ရည်မှန်းချက်ကို လမ်းညွှန်ပေးဖို့ မျှော်လင့်ထားပါတယ်။

Photo Credit : Goal

အသက်(၃၉)နှစ် ရှိပြီဖြစ်တဲ့ မိုဒရစ်ဟာ နောက်ရာသီထိ ရီးယဲလ် မက်ဒရစ်မှာ ဆက်လက်ကစားဖို့ ရည်မှန်းထားပြီး ရာသီပြီးဆုံးချိန်မှာ သက်တမ်းကုန်မယ့် သူ့ရဲ့စာချုပ်ကို သက်တမ်းတိုးလိုနေပါတယ်။ ဒါပေမယ့် စပိန်ထိပ်သီးကလပ်က သူ့ကို စာချုပ်သစ်ကမ်းလှမ်းမယ့် အရိပ်အယောင် မရှိသေးသလို သတင်းတွေအရ ဒီကရိုအေးရှားသားကြီးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုနိုင်တယ်လို့ ဆိုပါတယ်။

ဆွမ်ဆီး လာမယ့် သောကြာနေ့မှာ ဟားလ် စီးတီးအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး တနင်္လာနေ့မှာတော့ ကျူပီအာနဲ့ ယှဉ်ပြိုင်ရမှာပါ။ မိုဒရစ်ကတော့ အာဆင်နယ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ ရီးယဲလ် မက်ဒရစ်အတွက် ပါဝင်ကစားဖို့ ရှိနေပြီး ပထမအကျော့မှာတော့ အာဆင်နယ်က (၃)ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိထားပါတယ်။

Exit mobile version