ခရိုအေးရှား ဝါရင့် ကွင်းလယ်ကစားသမားကြီး လူကာမိုဒရစ်က လာမယ့် နိုဝင်ဘာလထဲ ကာတာနိုင်ငံမှာ ကျင်းပသွားတော့မယ့် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးက သူ့အတွက်တော့ နောက်ဆုံးသော နိုင်ငံတကာပြိုင်ပွဲပဲလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Reuters

အသက်(၃၇)နှစ်အရွယ် ရှိနေပြီြုဖစ်တဲ့ ခရိုအေးရှား လက်ရွေးစင် အသင်းခေါင်းဆောင် မိုဒရစ်ဟာ ၂၀၀၆ခုနှစ်ကနေ စတင်ပြီး ခရိုအေးရှား စီနီယာအသင်းအတွက် ကစားပေးခဲ့ရသလို ၂၀၀၆ ကမ္ဘာ့ဖလားမှာလည်း ပါဝင်ခွင့် ရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ မိုဒရစ်ဟာ ခရိုအေးရှားအသင်းအတွက် ပွဲပေါင်း (၁၅၄)ပွဲအထိကို ပါဝင်ထားနိုင်ခဲ့သလို ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းကလည်း အသင်းကို ဗိုလ်လုပွဲအဆင့်ထိ တတ်လှမ်းနိုင်အောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပြိုင်ပွဲရဲ့ အကောင်းဆုံး ဘောလုံးသမားဆုကိုပါ သိမ်းပိုက်နိုင်ခဲ့ပြီး အဲ့ဒီနှစ်ရဲ့ Ballon d’Or Winner ပါ ဖြစ်ခဲ့ရပါတယ်။

Photo Credit : Manaing Madrid

လက်ရှိမှာတော့ မိုဒရစ်ဟာ သူရဲ့ ခရိုအေးရှားအသင်းနဲ့အတူ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို ဆင်နွဲသွားဖို့အတွက် အဆင့်သင့်ရှိနေပြီဖြစ်ပြီး ဒီပြိုင်ပွဲကြီး ဆင်နွဲပြီးသွားရင်တော့ နောက်ထပ် လက်ရွေးစင် ပြိုင်ပွဲတွေကို ဝင်ရောက် ဆင်နွဲတော့မှာ မဟုတ်ကြောင်း အတိအလင်း ပြောဆိုလာခဲ့ပါတယ်။ “ကျွန်တော်က အသက်အရွယ်တစ်ခုမှာ ရှိနေပြီဖြစ်ပြီး ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲဟာလည်း ခရိုအေးရှားလက်ရွေးစင်အသင်းမှာ ပါဝင်ဆင်နွဲမယ့် ကျွန်တော်ရဲ့ နောက်ဆုံးပြိုင်ပွဲဖြစ်ကြောင်း သိရှိထားပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ခရိုအေးရှားအသင်းနဲ့အတူ ကမ္ဘာ့ဖလား ယူရိုပြိုင်ပွဲတို့ ဆက်လက် မဆင်နွဲတော့ဘူးလို့ ထုတ်ပြန်ထားခဲ့ပေမယ့်လည်း မိုဒရစ်ဟာ လာမယ့် ၂၀၂၃ခုနှစ်ထဲမှာ ကျင်းပဖို့ ရှိနေတဲ့ UEFA Nations League ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ကိုတော့ ခရိုအေးရှားအသင်းအတွက် ပါဝင်ကစားသွားဦးမယ်လို့လည်း ပြောဆိုထားခဲ့ပါသေးတယ်။ ၂၀၂၂-၂၀၂၃ UEFA Nations League ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ကိုတော့ ခရိုအေးရှား စပိန် နယ်သာလန် အီတလီအသင်းတွေ တတ်ရောက်ထားခဲ့ပြီး ၂၀၂၃ခုနှစ် ဇွန်(၁၄)(၁၅)ရက်မှာပဲ ဆီမီးဖိုင်နယ်ပွဲတွေကို ကျင်းပစေမှာ ဖြစ်ပါတယ်။