ရီးယဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ ဆာဘီးယား တိုက်စစ်ကစားသမား လူကာယိုဗစ်ကို အသင်းကနေ ရှင်းထုတ်သွားဖို့ စီစဉ်လျက်ရှိနေရာ ကနဦးပိုင်းက စီးရီးအေကလပ် ဖီအိုရင်တီးနားအသင်းဆီ အငှားချသွားဖွယ် ရှိနေပေမယ့်လည်း လက်ရှိမှာတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့သာ အပြီးသတ် ထွက်ခွာခွင့်ပြုလိုက်ပြီး ဖီအိုရင်တီးနားအနေနဲ့ ယိုဗစ်ကို အသင်းက ပြန်လည်ရောင်းချမယ်ဆိုရင် ပြောင်းရွှေ့ကြေးရဲ့ တစ်ဝက်ခန့်ကို ပေးဆောင်ရမယ်ဆိုတဲ့ အချက်ကိုပါ ထည့်သွင်းထားခဲ့ပါတယ်။

Luka Jovic seals permanent Real Madrid departure

Photo Credit : 101 Great Goals

အသက်(၂၄)နှစ်အရွယ်ရှိ ဆာဘီးယားလက်ရွေးစင် တိုက်စစ်ကစားသမား လူကာယိုဗစ်ဟာ ၂၀၁၉ခုနှစ်ကမှ ဖရန့်ဖတ်အသင်းကနေ ရီးယဲလ်အသင်းဆီကို ပြောင်းရွှေ့ကြေး ယူရို(၆၃)သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာ ဖြစ်ပေမယ့်လည်း ကစားသမားကောင်းတွေ များစွာပိုင်ဆိုင်ထားတဲ့ ရီးယဲလ်အသင်းမှာ ပုံမှန်ကစားခွင့်ရဖို့ မလွယ်ကူခဲ့ပဲ ၂၀၂၁မှာ အသင်းဟောင်း ဖရန့်ဖတ်ဆီ ကာလတိုအငှားနဲ့ ပြန်သွားခဲ့ရသလို ပြီးခဲ့တဲ့ရာသီမှာလည်း လာလီဂါ(၁၅)ပွဲ အပါအဝင် ပြိုင်ပွဲစုံမှာ (၁၉)ပွဲသာ ပါဝင်ခဲ့ရပြီး (၁)ဂိုးတည်းသာ သွင်းယူနိုင်ခဲ့ပါတယ်။

Luka Jovic seals permanent Real Madrid departure

Photo Credit : 101 Great Goals

ဖရန့်ဖတ်မှာ ကစားခဲ့စဉ်တုန်းက အသင်းရဲ့ ဂိုးသွင်းစက်ဖြစ်ခဲ့တဲ့ ယိုဗစ်ဟာ ဖရန့်ဖတ်ကို ယူရိုပါလိဂ်မှာပါ ဆီမီးဖိုင်နယ်အဆင့်ထိ ပို့ဆောင်နိုင်ခဲ့ပြီး သွင်းဂိုး(၁၀)ဂိုးအထိပါ သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက ချယ်လ်ဆီးအပါအဝင် ဥရောပကလပ်အသင်းများစွာရဲ့ ပစ်မှတ်ဖြစ်လာခဲ့ရတဲ့ ယိုဗစ်ကို ရီးယဲလ်အသင်းကနေ အလျင်အမြန် ခေါ်ယူနိုင်ခဲ့ပေမယ့် ယိုဗစ်က ရီးယဲလ်မှာ ရုန်းကန်နေရခဲ့ပြီး လက်ရှိအချိန်မှာပါ သူရဲ့ အနာဂတ်အခြေအနေက လှုပ်ခတ်လာခဲ့ရပါတယ်။ ဒါကြောင့် ဖီအိုရင်တီးနားအသင်းက ယိုဗစ်ကို တစ်ရာသီအငှားနဲ့ ခေါ်ယူဖို့ စတင်ကြိုးပမ်းလာခဲ့ဖြစ်ပြီး ရီးယဲလ်ဘက်ကလည်း ဒီကမ်းလှမ်းမှုကို လက်ခံသွားဖို့ ရှိခဲ့ပေမယ့် နောက်ဆုံးမှာတော့ ယိုဗစ်ကို ဖီအိုရင်တီးနားအသင်းဆီ အပြီးသတ် ပြောင်းရွှေ့ခွင့်ပြုခဲ့ပါတယ်။ ဖီအိုရင်တီးနားနဲ့ ရီးယဲလ်အသင်းတို့ဟာ ယိုဗစ် အပြောင်းအရွှေ့အတွက် နာရီပေါင်းများစွာ ဆွေးနွေးလို့အပြီး ဖီအိုရင်တီးနားက ယိုဗစ်ကို ၂၀၂၄ခုနှစ်အထိ ခေါ်ယူခွင့် ရရှိခဲ့သလို အဲ့ဒီ(၂)နှစ်စာချုပ် ကုန်ဆုံးချိန်မှာလည်း နောက်ထပ် ထပ်ဆောင်း(၂)နှစ် သက်တမ်းတိုးခွင့်နဲ့ သဘောတူညီနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဖီအိုရင်တီးနားအသင်းဘက်ကသာ ယိုဗစ်ကို ကလပ်အသင်း တစ်သင်းသင်းဆီကို ရောင်းချမယ်ဆိုရင် ရောင်းချရငွေရဲ့ ထက်ဝက်ကို ရီးယဲလ်အသင်းဆီ ပြန်လည်ပေးဆောင်ရမယ်ဆိုတဲ့ သဘောတူညီချက်ကိုတော့ ရီးယဲလ်ဘက်က ထည့်သွင်းထားခဲ့ပါတယ်။