စပိန်လာလီဂါထိပ်သီးအသင်း တစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကမှ ဖရန့်ဖတ်အသင်းမှ ခေါ်ယူထားတဲ့ လူငယ် နောက်ချန်တိုက်စစ်မှူး လူကာဂျိုဗစ်ကို စည်းကမ်းမလိုက်နာမှုကြောင့် အသင်းကနေ ရောင်းထုတ်သွားဖို့ ဆုံးဖြတ်ခဲ့ပြီ လို့ စပိန်အခြေစိုက် သတင်းတွေက ဖော်ပြသွားခဲ့ကြပါတယ်။ အသက်၂၂နှစ်အရွယ် ဂျိုဗစ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဖရန့်ဖတ်အသင်း အတွက် ပြိုင်ပွဲစုံ သွင်းဂိုး၂၀ကျော် သွင်းယူနိုင်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းထံကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာသူ ဖြစ်ပေမယ့် အသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရသလို လာလီဂါပွဲစဉ် ၁၅ပွဲပါဝင်ကစားထားရာမှာ ၂ဂိုးသာသွင်းယူထားနိုင်ပြီး ၁ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

Photo Credit: Mirror.com

ဂျိုဗစ်ဟာ လတ်တလောမှာ ကိုရိုနာဗိုင်းရပ် သံသယရှိတာကြောင့် စောင့်ကြည့်ကာလ ၂ပတ် ကို ခံယူနေရသူဖြစ်ပေမယ့် စောင့်ကြည့်ကာလ မပြည့်မီမှာပဲ မိခင်နိုင်ငံဖြစ်တဲ့ ဆားဘီးယားကို ပြန်သွားခဲ့တာကြောင့် ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ရီးရဲလ်အသင်း ပိုင်ဆိုင် တဲ့ ဘက်စကတ်ဘောအသင်းသားတွေမှာ ကိုရိုနာဗိုင်းရပ် တွေ့ရှိခဲ့အပြီးမှာ လေ့ကျင့်ရေးကွင်းကို အတူတူ သုံးကြတဲ့ ရီးရဲလ်အသင်းသားတွေကို နှစ်ပတ်စောင့်ကြည့်နေတာဖြစ်ပြီး ဂျိုဗစ်က အဆိုပါနှစ်ပတ်မပြည့်မီမှာပဲ စပိန်နိုင်ငံကနေ ဆားဘီးယားနိုင်ငံကို သွားခဲ့သလို အဆိုပါ သွားရောက်လည်ပတ်မှုအတွက် ရီးရဲလ်မက်ဒရစ် အသင်းကိုလည်း အသိပေးခဲ့ခြင်း မရှိပါဘူး။ ဒါ့ကြောင့် ရီးရဲလ်မက်ဒရစ်အသင်း တာဝန်ရှိသူတွေက သူ့ကို ဒေါသပုံထနေကြပြီး ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ချယ်လ်ဆီးအသင်းနဲ့ စပါးအသင်းတို့ကို ဂျိုဗစ်အား ခေါ်ယူနိုင်တယ် ဆိုပြီး ကမ်းလှမ်းခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Mirror.com

လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ရာသီမှာကတည်းက ဂျိုဗစ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့တာဖြစ်ကြောင်း သိရပြီး ရီးရဲလ်မက်ဒရစ် အသင်းက ဂျိုဗစ်ကို ရောင်းချဖို့ ငြင်းဆန်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ စပါးအသင်းကရော ချယ်လ်ဆီးအသင်းကပါ ဂျိုဗစ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ရီးရဲလ်မက်ဒရစ်အသင်းဘက်က များပြားတဲ့ ပြောင်းရွှေ့ကြေးကို မတောင်းဆိုပါက အပြောင်းအရွှေ့ဟာ ဖြစ်မြောက်လာနိုင်ချေရှိတယ်လို့ စပိန်ဘောလုံး ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။ အသက် ၂၂နှစ်အရွယ်သာ ရှိသေးသလို ခြေစွမ်းပိုင်းမှာလဲ ထက်မြက်တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဘက်က ဂျိုဗစ်အတွက် ပြောင်းရွှေ့ကြေး ယူရို၅၀သန်းဝန်းကျင်ကို အလိုရှိနေတယ် လို့ နီးစပ်သူတွေက ဆိုထားကြပါတယ်။