ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဝါရင့်နည်းပြကြီး ကားလို့အန်စလော့တီက နွေစျေးကွက်အတွင်း အသင်းကနေ အသီးသီး ထွက်ခွာသွားခဲ့ကြတဲ့ နောက်ခံလူတွေဖြစ်တဲ့ ဆာဂျီယိုရာမို့စ်နဲ့ ရာဖယ်ဗာရန်းတို့ရဲ့နေရာမှာ ခံစစ်မှူးတစ်ဦးကို ပြန်လည်အစားထိုးနိုင်ဖို့အတွက် သူနဲ့အတူ ချယ်လ်ဆီးအသင်းမှာ အလုပ်တွဲလုပ်ခဲ့ဖူးတဲ့ ဘရာဇီးလ် ဝါရင့်နောက်ခံလူကြီး ဒေးဗစ်လူးဝစ်ကို အသင်းဆီ ခေါ်ဆောင်ချင်ခဲ့ပေမယ့်လည်း အသင်းမှာက Nom-EU ကစားသမား အရေအတွက်က အပြည့်ဖြစ်နေပြီဖြစ်လို့ ခေါ်ယူဖို့ လက်လျှော့လိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

Photo Credit : Daily Mail

ရီးယဲလ်အသင်းဟာ အခုနှစ်ရဲ့ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အသင်းရဲ့ အဓိက နောက်ခံကစားသမားကြီးလည်းဖြစ် အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ ဆာဂျီယိုရာမို့စ်ကို ပီအက်စ်ဂျီအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပြုထားခဲ့ရသလို အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တဲ့ ဗာရန်းကိုလည်း ယူနိုက်တက်အသင်းဆီ ရောင်းချဖြစ်ခဲ့ပါတယ်။ ရီးယဲလ်အသင်းဟာ ဒီကစားသမားတွေရဲ့နေရာမှာ အစားထိုးဖို့အတွက် ဘိုင်ယန်မြူးနစ်အသင်းရဲ့ နောက်ခံလူ ဒေးဗစ်အလာဘာကို ခေါ်ယူနိုင်ခဲ့ပေမယ့်လည်း အာဆင်နယ်အသင်းနဲ့ လမ်းခွဲထားတဲ့ ဘရာဇီးလ်နောက်ခံလူ ဒေးဗစ်လူးဝစ်ဇ်ကိုပါ ခေါ်ယူချင်ခဲ့တာ ဖြစ်ပေမယ့်လည်း ကလပ်အသင်းရဲ့ စည်းမျဉ်းတစ်ခုကြောင့် လူးဝစ်ဇ်လို EU အဖွဲ့ဝင်နိုင်ငံက မဟုတ်တဲ့ ကစားသမားကို ခေါ်ယူဖို့က ခဲယဉ်းခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Daily Mail

အသက်(၃၄)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ဒေးဗစ်လူးဝစ်ဇ်က ၂၀၁၁ခုနှစ်မှာ ဘင်ဖီကာအသင်းကနေ ချယ်လ်ဆီးအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်တုန်းက ချယ်လ်ဆီးအသင်းကို ကိုင်တွယ်နေတဲ့ နည်းပြက အခု ရီးယဲလ်ရဲ့နည်းပြကြီး အန်စလော့တီပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အန်စလော့တီအနေနဲ့ လူးဝစ်ဇ်ကို သူရဲ့ ရီးယဲလ်အသင်းဆီ အရခေါ်ယူချင်ခဲ့တာ ဖြစ်ပေမယ့်လည်း အသင်းမှာ သတ်မှတ်ထားတဲ့ ဥရောပအဖွဲ့ဝင် နိုင်ငံတွေက မဟုတ်တဲ့ ကစားသမားဦးရေက သတ်မှတ်အရေအတွက်ထိ ရောက်ရှိနေပြီ ဖြစ်တာကြောင့် လူးဝစ်ဇ်ကို ခေါ်ယူဖို့က မဖြစ်နိုင်တော့တဲ့ အနေအထားကို ရောက်သွားခဲ့ရတာ ဖြစ်ပါတယ်။ လူးဝစ်ဇ်လို အတွေ့အကြုံရင့် နောက်ခံလူကို ရီးယဲလ်အသင်း အပါအဝင် အဲဗာတန် ဝက်စ်ဟမ်း အသင်းဟောင်း ဘင်ဖီကာ လာဇီယို မာဆေးလ် လိုင်လီနဲ့ ကာတာကလပ်အသင်း အယ်ရေရန်တို့ကပါ ခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားခဲ့ကြပေမယ့်လည်း ကစားသမားကိုယ်တိုင်ကတော့ သူရဲ့မွေးရပ်မြေ ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းကိုပါ ရွေးချယ်သွားခဲ့ပါတယ်။