ပိတ်သိမ်းသွားတဲ့ နွေဈေးကွက် အတွင်းမှာ အက်စ်တွန်ဗီလာ ကနေ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့တဲ့ ဘရာဇီးလ် ကွင်းလယ်လူ ဒေါက်ဂလပ် လူးဝစ်ဇ်ကတော့ လာမယ့် ဆောင်းရာသီ ဈေးကွက်မှာ အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ ထပ်မံ ကြိုးစားရန် ဆုံးဖြတ်ထားကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Football 365 သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် ဘရာဇီးလ် ကွင်းလယ်လူ ဒေါက်ဂလပ် လူးဝစ်ဇ်က ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ တဦး ဖြစ်ပြီး သူဟာ ၂၀၁၉ခုနှစ်မှာ မန်ချက်စတာ စီးတီးကနေ အက်စ်တွန်ဗီလာထံ ပြောင်းရွှေ့လာပြီးနောက် အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပါတယ်။

Photo Credit: Football London

ဒါကြောင့်ပဲ ကွင်းလယ်လူတွေ ဖြစ်တဲ့ အယ်နီနီနဲ့ ပါတေးတို့ ဒဏ်ရာရခဲ့ပြီးနောက် အာဆင်နယ်က ဒေါက်ဂလပ် လူးဝစ်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ဗီလာကတော့ အပြောင်းအရွှေ့ နောက်ဆုံးနေ့ရက်မှာ သူတို့အသင်းရဲ့ အဓိက ကွင်းလယ်လူကို လက်လွှတ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဒါပေမယ့် ဒေါက်ဂလပ် လူးဝစ်ဇ်ကတော့ ဗီလာနဲ့ စာချုပ်သစ် မချုပ်ဖို့ ဆုံးဖြတ်ထားတာကြောင့် လာမယ့် ဆောင်းရာသီဈေးကွက်ကို ရောက်ရင် အာဆင်နယ်ဟာ ဗီလာနဲ့ စာချုပ်သက်တမ်း ၆လသာ ကျန်တော့မယ့် ဒေါက်ဂလပ် လူးဝစ်ဇ်ကို ဈေးသက်သက်သာသာနဲ့ ခေါ်ယူနိုင်ဖို့ ရှိနေပါတယ်။

Photo Credit: Football London

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Football 365 သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒေါက်ဂလပ် လူးဝစ်ဇ်ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပြီး သူ့ရဲ့ ဆုံးဖြတ်ချက် အကြောင်းအား ရင်းနှီးတဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို ပြောကြားထားသလို အာဆင်နယ်ရဲ့ အားကစားဒါရိုက်တာ ဖြစ်သူ အီဒူးကလည်း လူးဝစ်ဇ်ရဲ့ ဆုံးဖြတ်ချက်အား သိထားတာကြောင့် လာမယ့် ဇန်နဝါရီမှာ အာဆင်နယ်ဟာ လူးဝစ်ဇ်ကို ခေါ်ယူဖို့ ထပ်မံ ကြိုးစားဖွယ် ရှိနေကြောင်း သိရပါတယ်။