MySport Myanmar

ရေးဗားပလိတ်အသင်းဆီ ပြောင်းရွှေ့တော့မှာ မဟုတ်ကြောင်း ဆွာရက်ဇ် ဖွင့်ဟ

အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီးနောက် အသင်းလက်မဲ့ ကစားသမား ဖြစ်နေရတဲ့ ဥရုဂွေး ဝါရင့်တိုက်စစ်မှူးကြီး လူးဝစ်ဆွာရက်ဇ်ဟာ နာမည်ကြီး အာဂျင်တီးနား ဘောလုံးကလပ် ရေးဗားပလိတ်အသင်းဆီ ပြောင်းရွှေ့ကစားဖို့ စီစဉ်ထားခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ သဘောတူညီချက် ပျက်သွားခဲ့ရပြီး ရေးဗားပလိတ်ဆီ ပြောင်းရွှေ့တော့မှာ မဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : Goal

အေဂျက်စ် လီဗာပူးလ် ဘာစီလိုနာနဲ့ အသက်လက်တီကိုမက်ဒရစ်တို့လို ဥရောပထိပ်တန်း ကလပ်အသင်းကြီးတွေမှာ ပါဝင်ကစားခဲ့ဖူးတဲ့ အသက်(၃၅)နှစ်အရွယ်ရှိ ဥရုဂွေးလက်ရွေးစင် တိုက်စစ်ကစားသမားကြီး ဆွာရက်ဇ်ဟာ အသက်လက်တီကိုအသင်းနဲ့ ချုပ်ဆိုထားတဲ့ (၂)နှစ်သက်တမ်းရှိ စာချုပ်က သက်တမ်းကုန်ဆုံးသွားတာဖြစ်လို့ လက်ရှိ free agent ကစားသမား ဖြစ်နေရပါတယ်။ (၃၅)နှစ်အရွယ် ရှိနေပေမယ့် အတွေ့အကြုံကောင်းတွေ ပိုင်ဆိုုင်ထားပြီး ခြေစွမ်းပိုင်းလည်း ကောင်းမွန်နေသေးတဲ့ ဆွာရက်ဇ်ကို ဥရောပအသင်းတွေအပြင် တောင်အမေရိက ထိပ်တန်းကလပ်တွေကလည်း စိတ်ဝင်စားနေကြပြီး အဲ့ဒီထဲကမှ ရေးဗားပလိတ်အသင်းကတော့ ဆွာရက်ဇ်ကို ရရှိဖို့ အကြိုးပမ်းနိုင်ဆုံးအသင်း ဖြစ်ခဲ့ရပါတယ်။

Photo Credit : talkSPORT

ဥရောပမှာပဲ ဘောလုံးသမားဘဝကို ဆက်လက်ဖြတ်သန်းချင်နေတဲ့ ဆွာရက်ဇ်ကို ရေးဗားပလိတ်အသင်းက ခေါ်ယူပြီး တောင်အမေရိက ဘောလုံးနယ်ပယ်မှာ ကျင်လည်သွားဖို့ အတော်လေး ကြိုးပမ်းခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ အပြောင်းအရွှေ့က အထမမြောက်ခဲ့ရဘူးလို့ ဆွာရက်ဇ်က ပြောဆိုသွားခဲ့ပါတယ်။ ဆွာရက်ဇ်က “ကျွန်တော်က ဥရောပမှာ ဆက်နေဖို့ အစီအစဉ် ရှိခဲ့ပေမယ့်လည်း ရေးဗားပလိတ်ဘက်က ခေါ်ယူနိုင်ဖို့ အများကြီး တွန်းအားပေး ကြိုးပမ်းခဲ့တယ်။ အတော်လေးကို စည်းရုံးခဲ့တယ်။ ဒါပေမယ့် အခု သူတို့က Copa Libertadores (တောင်အမေရိကရဲ့ ချန်ပီယံလိဂ်လို ပြိုင်ပွဲ) ကနေ ထွက်ခွာခဲ့ရပြီ ဖြစ်တာကြောင့် သဘောတူညီချက်ကလည်း ပျက်သွားခဲ့ပါပြီ” လို့ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ အခုလို တောင်အမေရိက ဘောလုံးနယ်ပယ်ထဲ မဝင်ရောက်ဖြစ်ခဲ့တဲ့ ဆွာရက်ဇ်ဟာ ဥရောပမှာသာ ဆက်လက် ရှိနေနိုင်ပြီး သူ့ကို အမှန်တကယ် အလိုရှိနေတဲ့ အသင်းဖော်ဟောင်း စတီဗင်ဂျရတ်ရဲ့ အက်စတွန်ဗီလာအသင်းက ဆွာရက်ဇ်ရဲ့ အသင်းသစ် ဖြစ်လာနိုင်ဖွယ် ရှိနေပြီး တစ်ချိန်က လီဗာပူးလ်မှာ အတွဲညီခဲ့တဲ့ ဂျရတ် ဆွာရက်ဇ် ကော်တင်ဟိုတို့ အတွဲအဖက်ကို နောက်တစ်ကြိမ် ပြန်ရနိုင်ဖွယ် ရှိနေပါတယ်။

Exit mobile version