ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မယ့် ဥရုဂွေး ဝါရင့်တိုက်စစ်ကစားသမားကြီး လူးဝစ်ဆွာရက်ဇ်ဟာ နွေစျေးကွက်ထဲမှာ အသင်းပြောင်းရွှေ့ဖို့ ပြင်ဆင်နေပြီဖြစ်ပြီး သူရဲ့အသင်းဟောင်းဖြစ်တဲ့ ဘာစီလိုနာအသင်းဆီကို အံ့အားသင့်ဖွယ် ပြန်လည်ပြောင်းရွှေ့ဖို့ ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Suarez 'tells' Barcelona he would like to return to Camp Nou

Photo Credit : Football Espana

အသက်(၃၅)နှစ်အရွှယ် ဥရုဂွေးလက်ရွေးစင် တိုက်စစ်ကစားသမားကြီး ဆွာရက်ဇ်ဟာ ၂၀၂၀ နွေစျေးကွက်ကမှ အသက်လက်တီကိုအသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသက်လက်တီကို ကစားသမားဘဝ ပထမဆုံးရာသီမှာပဲ အသင်းအတွက် သွင်းဂိုးတွေ များစွာသွင်းယူခဲ့သလို လာလီဂါချန်ပီယံဆုကိုပါ ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အသက်လက်တီကိုနဲ့ (၂)နှစ်စာချုပ်သာ ချုပ်ဆိုထားတဲ့ ဆွာရက်ဇ်ဟာ စာချုပ်သက်တမ်းအရ သူရဲ့နောက်ဆုံးရာသီဖြစ်တဲ့ ဒီနှစ်ဘောလုံးရာသီမှာ ပွဲကစားခွင့် အကန့်အသတ်တွေနဲ့ ဖြစ်လာရသလို သူ့ကိုလည်း အသင်းဘက်က သက်တမ်းတိုးဖို့ အစီအစဉ် မရှိသလို ဖြစ်နေတဲ့အတွက် လာမယ့်နွေမှာပဲ အသင်းနဲ့ လက်တွဲဖြုတ်ဖို့ သေချာလာခဲ့တာ ဖြစ်ပါတယ်။

Luis Suárez presentation, from the inside

Photo Credit : FC Barcelona

အတွေ့အကြုံကောင်းတွေ များစွာပိုင်ဆိုင်ထားပြီး လက်ရှိအချိန်ထိ ဂိုးသွင်းကောင်းနေသေးတဲ့ ဆွာရက်ဇ်ကို ဥရောပ ကလပ်အသင်းများစွာနဲ့ မေဂျာလိဂ်က ကလပ်အသင်းတွေက ပစ်မှတ်ထားနေကြပေမယ့်လည်း စပိန်မီဒီယာ El Chiringuito ရဲ့ သတင်းထောက် ဟိုဆေးအဲဗာရက်ဇ်ရဲ့ ဖော်ပြချက်အရ ဆွာရက်ဇ်ကိုယ်တိုင် သူ့ကို ခေါ်ယူချင်နေတဲ့ အသင်းတွေထက် သူ့အသင်းဟောင်း ဘာစီလိုနာအသင်းဆီကိုသာ ပြန်သွားချင်နေတယ်လို့ ဖော်ပြလာခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ ဘာစီလိုနာအသင်းမှာ ၂၀၁၄ခုနှစ်ကနေ ၂၀၂ဝအထိ (၆)နှစ်တာလောက် ကျင်လည်ခဲ့ရပေမယ့်လည်း အသင်းကို နည်းပြရော်နယ်ကိုးမန်း ရောက်ရှိလာပြီးနောက် ကိုးမန်းရဲ့ အနာဂတ် အစီအစဉ်ထဲမှာ ဆွာရက်ဇ် ပါဝင်လာခြင်း မရှိခဲ့သလို ဆွာရက်ဇ်လို အသင်းအတွက် အဓိက ကစားသမားတစ်ဦးကိုပါ အသင်းကနေ အလွယ်တကူ ထွက်ခွာပြုခဲ့တာကလည်း ဆွာရက်ဇ်အတွက် စိတ်နာစရာ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ဘာစီလိုနာအသင်းကို သူရဲ့အသင်းဖော်ဟောင်း ဇာဗီက ကိုင်တွယ်နေသလို ဆွာရက်ဇ်ကိုယ်တိုင်ကလည်း ဘာစီလိုနာအသင်းအပေါ် သံယောဇဉ် ကြီးလွန်းနေတာကြောင့် သူရဲ့လက်ရှိ လုပ်ခလစာကိုပါ လျော့ယူပြီး အသင်းဟောင်းနဲ့ ပြန်လည်ပူးပေါင်းဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။