အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ ဥရုဂွေး ဝါရင့်တိုက်စစ်ကစားသမားကြီး လူးဝစ်ဆွာရက်ဇ်က သူရဲ့အသင်းဟောင်းဖြစ်တဲ့ ဘာစီလိုနာအသင်းအနေနဲ့ သူ့အပေါ် လေးစားမှုမရှိတဲ့ လုပ်ရပ်တွေ လုပ်ဆောင်ခဲ့တဲ့အပေါ် ဘယ်တော့မှ မမေ့ထားကြောင်း ဒီလို လုပ်ရပ်တွေကြောင့် သူ့ကို စိတ်ထိခိုက်စေခဲ့ရကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Marca

အသက်(၃၄)နှစ်အရွှယ်ရှိ ဥရုဂွေးလက်ရွေးစင် တိုက်စစ်ကစားသမားကြီး ဆွာရက်ဇ်ဟာ ဘာစီလိုနာအသင်းကနေ အသက်လက်တီကိုအသင်းဆီကို မနှစ်က ဘောလုံးရာသီမှာပဲ အံ့အားသင့်စဖွယ် ပြောင်းရွှေ့ရောက်ရှိလာခဲ့တာ ဖြစ်ပေမယ့်လည်း အသက်လက်တီကိုနဲ့ ပထမဆုံး ဘောလုံးရာသီမှာပဲ လာလီဂါချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သလို ပြီးခဲ့တဲ့ စနေနေ့က သူ့အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ရချိန်မှာလည်း သွင်းဂိုးတစ်ဂိုးနဲ့ ဂိုးဖန်တီးမှုတစ်ကြိမ်ကိုပါ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ အသင်းဟောင်း ဘာစီလိုနာဘက်ကို ဂိုးသွင်းယူပြီးတဲ့နောက် အောင်ပွဲခံခြင်းမရှိပဲ လေးစားမှုရှိတဲ့ အပြုအမှုကိုသာ လုပ်ဆောင်ခဲ့ပေမယ့် အသင်းဟောင်းဘက်က သူ့ကို အသင်းကနေ ထွက်ခွာစေခိုင်းတဲ့ အပေါ်မှာတော့ ဘယ်လိုမှ မေ့ထားမနိုင်ကြောင်း ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Marca

အသင်းဟောင်းနဲ့ပတ်သက်ပြီး ဆွာရက်ဇ်က “ဒါက သူတို့လုပ်ခဲ့တဲ့ ပုံစံအတိုင်းပါပဲ။ ကျွန်တော် ဒီအသင်းကို အများကြီး ပေးဆပ်ခဲ့တာ နောက်ပြီးတော့ ကျွန်တော်က ဒီလိုပုံစံမျိုးနဲ့ ဆက်ဆံခံရထိုက်တယ်လို့လည်း မထင်ခဲ့ဘူး။ သူတို့အနေနဲ့ ကျွန်တော်နဲ့ တစ်ယောက်ချင်းစီ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးသင့်တယ်။ ကိစ္စတွေအားလုံးကိုလည်း ရှင်းပြခဲ့သင့်တယ်။ သူတို့က ကျွန်တော့်ကို လေ့ကျင့်ရေးကွင်း (၃)နဲ့(၄)တို့မှာ သီးခြား လေ့ကျင့်ခန်းလည်း ဆင်းခိုင်းခဲ့တယ်။ ဒီကိစ္စတွေက အမှန်တကယ်တော့ လုံးဝကို မေ့ထားလို့ မဖြစ်တဲ့ အရာတွေချည်းပါပဲ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ ၂၀၁၄ခုနှစ်ကမှ လီဗာပူးလ်ကနေ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့လည်း (၆)နှစ်ဝန်းကျင်လောက် ကျင်လည်ခဲ့သလို အသင်းနဲ့လည်း ချန်ပီယံလိဂ်ဖလား (၁)ကြိမ် လာလီဂါဖလား (၄)ကြိမ် ကိုပါဒယ်ရေး (၄)ကြိမ် စူပါဖလား (၁)ကြိမ် ဖီဖာကလပ်ကမ္ဘာ့ဖလား(၁)ကြိမ်စီ ဆွတ်ခူးနိုင်ခဲ့သလို အသင်းနဲ့ ပြိုင်ပွဲစုံ (၂၈၃)ပွဲ ပါဝင်ကစားထားခဲ့ပြီး (၁၉၈)ဂိုးအထိပါ သွင်းယူထားနိုင်ခဲ့ပါတယ်။