အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားလို့ လက်ရှိမှာ free agent ကစားသမား ဖြစ်နေရတဲ့ ဝါရင့် တိုက်စစ်ကစားသမားကြီး လူးဝစ်ဆွာရက်ဇ်ဟာ သူ့အတွက် အသင်းသစ် တစ်သင်းကို ရှာဖွေလျက်ရှိနေပြီး လတ်တလောမှာတော့ အမေရိကန် မေဂျာလိဂ်ကလပ်ဖြစ်တဲ့ LAFC အသင်းဆီ ပြောင်းရွှေ့ဖို့ နီးသထက် နီးစပ်လျက် ရှိနေတယ်လို့ သိရပါတယ်။

Luis Suarez: I'm weighing "five or six offers" from MLS teams |  MLSSoccer.com

Photo Credit : Major League Soccer

ဇူလိုင်လ (၁)ရက်နေ့ကတည်းက အသက်လက်တီကိုအသင်းနဲ့ (၂)နှစ်သက်တမ်းရှိ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ရတဲ့ ဥရုဂွေး ဝါရင့်ကစားသမားကြီး ဆွာရက်ဇ်ဟာ လက်ရှိမှာ အသက်(၃၅)နှစ်အရွယ်ကို ရောက်ရှိနေပြီ ဖြစ်ပေမယ့်လည်း သူရဲ့ ဘောလုံးသမားဘဝကို နိဂုံးမချုပ်ချင်သေးပဲ ဆက်လက် ဖြတ်သန်းသွားဖို့သာ ဆန္ဒရှိနေသလို ဆွာရက်ဇ်လို အတွေ့အကြုံရင့် ကစားသမားမျိုးကို ဥရောပ ကလပ်အသင်းတွေသာမကပဲ တောင်အမေရိကနဲ့ မေဂျာလိဂ်က ကလပ်အသင်းတွေပါ အပြိုင်အဆိုင်နဲ့ကို ခေါ်ယူချင်နေကြပါတယ်။

Photo Credit : Twitter

လက်ရှိမှာ အသင်းလက်မဲ့ ကစားသမားတစ်ဦး ဖြစ်နေတဲ့ ဆွာရက်ဇ်လို world-class ကစားသမားမျိုးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေးမျိုး ရရှိနေတဲ့အတွက် အသင်းအများစုက ဆွာရက်ဇ်ကို အနည်းဆုံး (၁)နှစ် (၂)နှစ် သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ် မြင့်မားတဲ့ လစာကြေးတွေနဲ့ ကမ်းလှမ်းနေကြပေမယ့်လည်း ဆွာရက်ဇ်ကိုယ်တိုင်ကတော့ လောလောဆယ်အထိ သူ ရွေးချယ်ရမယ့် အသင်းသစ်ကို ဆက်လက် ရွေးချယ်နေဆဲသာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ESPN ရဲ့ သတင်းထောက်တစ်ဦးက ဘာစီလိုနာ လီဗာပူးလ်နဲ့ အသက်လက်တီကိုအသင်းတွေရဲ့ ကစားသမားဟောင်းကြီး ဆွာရက်ဇ်ဟာ မေဂျာလိဂ်မှာ လာရောက်ဖို့ ပိုမို နီးစပ်လာခဲ့ကြောင်းနဲ့ လော့အိန်ဂျယ်လိ့စ်မြို့အခြေစိုက် LAFC အသင်းဆီ ပြောင်းရွှေ့လာနိုင်ကြောင်း ဖော်ပြလာခဲ့ပါတယ်။ LAFC အသင်းဟာ တကယ့် ထိပ်တန်းကစားသမားကြီးတွေဖြစ်တဲ့ ဝါရင့်ခံစစ်မှူးကြီး ချီလီနီနဲ့ ဝေးလ်စ်ရဲ့ legend ကစားသမားကြီး ဂါရတ်ဘေးလ်တို့ကို အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူထားခဲ့တဲ့ မေဂျာလိဂ် ထိပ်တန်းအသင်း ဖြစ်သလို လက်ရှိ မေဂျာလိဂ်ပြိုင်ပွဲမှာလည်း အမှတ်ပေးဇယားထိပ်ဆုံးက ရပ်တည်နေတဲ့ အသင်းလည်း ဖြစ်ပါတယ်။ တကယ်လို့ ဆွာရက်ဇ်သာ LAFC အသင်းဆီ ရောက်လာခဲ့မယ်ဆိုရင် ၂၀၁၄ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက အုတ်အော်သောင်းနင်း ဖြစ်ခဲ့ရတဲ့ ပခုံးကို သွားနဲ့ကိုက်ခဲ့တဲ့ ကိစ္စမှာ ပါဝင်ခဲ့သူ ကာယကံရှင်တွေဖြစ်သော ဆွာရက်ဇ်နဲ့ ချီလီနီတို့ကို တစ်သင်းတည်းမှာ အသင်းဖော်တွေအဖြစ် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။