ဘာစီလိုနာအသင်းရဲ့ ဝါရင့်ဥရုဂွေးတိုက်စစ်ကစားသမားကြီး လူးဝစ်ဆွာရက်ဇ်ကတော့ အသင်းရဲ့နည်းပြသစ် ရော်နယ်ကိုးမန်းရဲ့အနာဂတ်အစီအစဉ်တွေထဲမှာ ပါဝင်လာခြင်းမရှိတော့သလို ကိုးမန်းကိုယ်တိုင်ကလည်း ဆွာရက်ဇ်ကို အသင်းရဲ့စီမံကိန်းထဲမှာ မပါဝင်တော့ဘူးလို့ အသိပေးလာခဲ့တဲ့အတွက် ဆွာရက်ဇ်အနေနဲ့ ဒီနွေစျေးကွက်အတွင်းမှာပဲ အသင်းသစ်တစ်သင်းကို ရှာဖွေရတော့မှာဖြစ်ပြီး လတ်တလောမှာ ထွက်ပေါ်လျက်ရှိနေတဲ့ အပြောင်းအရွှေ့သတင်းတွေအရ ဆွာရက်ဇ်ရဲ့အသင်းသစ်ဟာ ဂျုဗင်တပ်စ်အသင်း ဖြစ်လာနိုင်တယ်လို့ သိရှိရပါတယ်။

Photo Credit : Tribuna

နာမည်ကျော် စပိန်သတင်းမီဒီယာ Mundo Deportivo ကနေ ဖော်ပြလာချက်တွေအရ အသက်(၃၃)အရွှယ်ရှိ ဥရုဂွေးတိုက်စစ်ကစားသမားဟာ ဂျုဗင်တပ်စ်အသင်းရဲ့ ဒုုဥက္ကဌဖြစ်သူ ပေဗယ်နက်ဗက်နဲ့ အပြောင်းအရွှေ့ကိစ္စတွေကို ဖုန်းဆက်ပြောဆိုခဲ့ကြတယ်လို့ သိရှိရပြီး အခြေအနေလည်း ကောင်းနေတယ်လို့ သိရပါတယ်။ ဂျုဗင်တပ်စ်အသင်းကလည်း လာမယ့်ဘောလုံးရာသီမှာ အသင်းနဲ့ လမ်းခွဲရတော့မယ့် ဝါရင့်တိုက်စစ်ကစားသမား ဂွန်ဇာလိုဟီဂွာအင်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ဆွာရက်ဇ်ကို ခေါ်ယူဖို့ ပြင်ဆင်လာခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Insider

တကယ်လို့ ဆွာရက်ဇ်သာ ဂျုဗင်တပ်စ်အသင်းဆီကို ရောက်ရှိလာခဲ့မယ်ဆိုရင် သူနဲ့ စပိန်လာလီဂါပြိုင်ပွဲမှာ အဓိကပြိုင်ဘက်တွေဖြစ်ခဲ့ပြီး သူ့သူငယ်ချင်း အသင်းဖော်ဖြစ်တဲ့ လီယွန်နယ်မက်ဆီရဲ့မဟာပြိုင်ဘက်ဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ တွဲဖက်ကစားရတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ဆွာရက်ဇ်ကို ဂျုဗင်တပ်စ်အသင်းနဲ့အပြိုင် အသက်လက်တီကိုမက်ဒရစ်အသင်းကလည်း စိတ်ဝင်စားလျက်ရှိနေသလို ပရီးမီးယားလိဂ်အသင်းများနဲ့ ဒေးဗစ်ဘက်ခမ်းရဲ့အင်တာမိုင်ယာမီအသင်းတို့ကနေလည်း ပစ်မှတ်ထားလျက်ရှိလို့နေပါတယ်။ ဆွာရက်ဇ်ကတော့ လတ်တလောမှာ သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဘာဆုံးဖြတ်ချက်ကိုမှ ချမှတ်ရခြင်းမရှိသေးပဲ ဘာစီလိုနာအသင်းရဲ့ရာသီကြို ဆေးစစ်မှုအစီအစဉ်ကိုပါ လာရောက်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် အသင်းမှာ အနာဂတ်မရှိတော့တဲ့ ဆွာရက်ဇ်အနေနဲ့ မကြာခင်မှာပဲ သူရဲ့အသင်းသစ်ကို ရွေးချယ်ဖွယ်ရှိနေပြီး ဘယ်အသင်းဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ဆွာရက်ဇ်ကို ကြိုးပမ်းနေတဲ့ ဂျုဗင်တပ်စ်အသင်းကလည်း ဆွာရက်ဇ်မတိုင်ခင်မှာ ရိုးမားအသင်းရဲ့ဝါရင့်တိုက်စစ်မှူးကြီး ဂျက်ကိုကို ခေါ်ယူဖို့ လုပ်ဆောင်ခဲ့ပေမယ့် ရိုးမားဘက်က သူ့နေရာမှာ အစားထိုးမယ့် ကစားသမားကို မရမချင်း ရောင်းချဦးမှာမဟုတ်ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။