ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်စ်ဟာ အက်သလက်တီကိုမက်ဒရစ်အသင်းကို ပေါင် (၃.၇) သန်းနဲ့ ပြောင်းရွှေ့ဖို့ သေချာပြီ ဖြစ်တာကြောင့် မက်ဆီ အပါအဝင် အသင်းဖော်တွေကို နှုတ်ဆက်ပြီးနောက် ဘာစီလိုနာအသင်းရဲ့ လေ့ကျင့်ရေးကွင်းကနေ ဝမ်းနည်းစွာ မျက်ရည်တွေနဲ့ ထွက်ခွာသွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းရဲ့ သမိုင်း တစ်လျှောက်မှာ သွင်းဂိုး အများဆုံး (၃) ယောက်မြောက် ကစားသမား ဖြစ်တဲ့ တိုက်စစ်မှူး ဆွာရက်စ်ဟာ အက်သလက်တီကိုအသင်းကို ပြောင်းရွှေ့ဖို့ သေချာနေပြီ ဖြစ်တာကြောင့် ယခုအပတ်၊ ဗုဒ္စဟူးနေ့၊ ယနေ့မှာ ဘာစီလိုနာ အသင်းဖော်တွေကို နှုတ်ဆက်သွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

(၃၃) နှစ်အရွယ် တိုက်စစ်မှူး ဆွာရက်စ်ဟာ ဘာစီလိုနာအသင်းဖော်တွေကို နှုတ်ဆက်ခဲ့ပြီးတဲ့နောက် ဘာစီလိုနာအသင်းရဲ့ လေ့ကျင့်ရေးကွင်းကနေ ကားနဲ့ ပြန်ထွက်သွားတဲ့ အချိန်မှာ မျက်ရည်စီးကျနေခဲ့ပြီး ဘာစီလိုနာ အသင်းဖော်တွေကို မခွဲခွာချင်တဲ့ သဘော ဖြစ်တယ်လို့ ဖော်ပြထားကြတာပဲ ဖြစ်ပါတယ်။ တိုက်စစ်မှူး ဆာရက်စ်ဟာ လွန်ခဲ့တဲ့ (၂၀၁၄) ခုနှစ်မှာ လီဗာပူးလ်အသင်းကနေ ဘာစီလိုနာအသင်းကို အပြီးသတ် ပြောင်းရွေ့လာခဲ့ပြီး ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၂၈၃) ပွဲ ကစားထားခဲ့ရာမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၁၉၇) ဂိုး သွင်းယူခဲ့တာကြောင့် သွင်းဂိုး အများဆုံး တတိယမြောက် ဖြစ်လာခဲ့ပါတယ်။

Photo Credit: Dailymail

အက်သလက်တီကိုအသင်းဟာ ယခုအပတ် အင်္ဂါနေ့က ဘာစီလိုနာအသင်းနဲ့ တိုက်စစ်မှူး ဆွာရက်စ်ရဲ့  ပြောင်းရွှေ့ကြေးကို ဆွေးနွေးခဲ့ကြတဲ့ အချိန်မှာ တိုက်စစ်မှူး ဆွာရက်စ်ကို ပေါင် (၄) သန်းအောက်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီး ဆွာရက်စ်ကို (၂) ရာသီ စာချုပ် ချုပ်ဖိုဖွယ် ရှိတယ်လို့ သိရပါတယ်။ တိုက်စစ်မှူး ဆွာရက်စ်ဟာ ပြီးခဲ့တဲ့ လက ဘာစီလိုနာအသင်းရဲ့ ရာသီသစ် အစီစဉ်မှာ မပါတော့ဘူးလို့ နည်းပြ ရော်နယ် ကိုးမန်းရဲ့ ဖုန်းနဲ့ သတိပေးခြင်းကို ခံခဲ့ရပြီးတဲ့နောက် ဘာစီလိုနာအသင်းက ထွက်ဖို့ ပြင်ဆင်လာခဲ့ပြီး ဂျုဗင်တပ်အသင်းကို ပြောင်းဖို့ အပြင်းအထန် ချိတ်ဆက်ခဲ့တာပဲ ဖြစ်ပါတယ်။ တိုက်စစ်မှူး ဆွာရက်စ်ဟာ ဂျုဗင်တပ်အသင်းကို ပြောင်းဖို့ မအောင်မြင်ခဲ့ပြီးနောက် နည်းပြ ဆီမြွန်နီရဲ့ အက်သလက်တီကိုအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပြီး အက်သလက်တီကိုအသင်းကို ပြောင်းဖို့ သေချာနေပြီ ဖြစ်တာကြောင့် အသင်းဖော်တွေကို နှုတ်ဆက်ပြီးတဲ့နောက် လေ့ကျင့်ရေး ကွင်းထဲကနေ ထွက်သွားတဲ့ အချိန်မှာ မျက်ရည်တွေ ကျနေခဲ့တာ ဖြစ်ပါတယ်။