MySport Myanmar

Free agent ဖြစ်လာတော့မယ့် ဆွာရက်ဇ် ရေးဗားပလိတ်ကို ရောက်ရှိဖို့ နီးစပ်နေ

အသင်းရဲ့ အဓိက တိုက်စစ်ကစားသမားလေးဖြစ်သူ ယူလီယန်အဲလ်ဗာရက်ဇ်ကို မန်ချက်စတာစီးတီးအသင်းဆီ လက်လွတ်ထားခဲ့ရတဲ့ အာဂျင်တီးနား ထိပ်သီးကလပ် ရေးဗားပလိတ်အသင်းဟာ အသင်းရဲ့ တိုက်စစ်ပိုင်းကို ပြန်လည်အားဖြည့်တင်းဖို့အတွက် လာမယ့်ဇူလိုင်မှာ free agent ကစားသမား ဖြစ်လာတော့မယ့် ဝါရင့်တိုက်စစ်ကစားသမားကြီး လူးဝစ်ဆွာရက်ဇ်ကို အလိုရှိနေပြီး ဆွာရက်ဇ်ကလည်း ရေးဗားပလိတ်ကို ပြောင်းရွှေ့ဖို့ နီးစပ်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Mail

အသက်(၃၅)နှစ်အရွယ်ရှိ ဥရုဂွေးလက်ရွေးစင် တိုက်စစ်ကစားသမားကြီး ဆွာရက်ဇ်ဟာ ဒီလအကုန်မှာပဲ သူရဲ့လက်ရှိကလပ် အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းနဲ့ ဆက်လက်ပူးပေါင်းတော့မှာ မဟုတ်ပဲ အသင်းကနေသာ ထွက်ခွာသွားတော့မှာ ဖြစ်ပါတယ်။ ဇူလိုင်(၁)ရက်နေ့မှာ free agent ဖြစ်လာတော့မယ့် ဆွာရက်ဇ်အနေနဲ့ သူရဲ့ကလပ်အသင်းသစ်အဖြစ် အာဂျင်တီးနားကလပ် ရေးဗားပလိတ်အသင်းဆီ ပြောင်းရွှေ့သွားဖို့ အလွန်ကို နီးစပ်နေပြီ ဖြစ်တယ်လို့ စပိန်အခြေစိုက် Mundo Deportivo သတင်းမီဒီယာကြီးကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Mirror

Mundo Deportivo က ဖော်ပြချက်အတွင်းမှာ ရေးဗားပလိတ်အသင်းအနေနဲ့ ဆွာရက်ဇ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး လာမယ့် တနင်းလာနေ့နဲ့ အင်္ဂါနေ့လောက်မှာ ထုတ်ပြန်လာနိုင်တယ်လို့ ဖော်ပြခဲ့ပေမယ့်လည်း ရေးဗားပလိတ်က ဆွာရက်ဇ်ဘက်က ထွက်ပေါ်လာမယ့် အဖြေတစ်ခုကို စောင့်ဆိုင်းလျက် ရှိနေရတယ်လို့ ဖာဘရီဇီယိုရိုမာနိုက ရှင်းလင်းဖော်ပြထားခဲ့ပါတယ်။ ရေးဗားပလိတ်အသင်းနည်းပြ မာဆယ်လိုဂါလာဒိုကလည်း သူတို့အသင်းအနေနဲ့ ဆွာရက်ဇ်ကို ခေါ်ယူနိုင်ဖို့အတွက် ဖြစ်နိုင်ခြေရှိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့သလို ဆွာရက်ဇ်ကလည်း အကျော်အမော် ကစားသမားတစ်ဦးဖြစ်ပြီး ဒူးဒဏ်ရာကနေ ပြန်လည်သက်သာ ကောင်းမွန်လာချိန်မှာ ဘောလုံးပြန်ကစားဖို့ကိုပါ စိတ်အားထက်သန်မှု အားကောင်းလွန်းသူလည်း ဖြစ်တယ်လို့ ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ အေဂျက်စ် လီဗာပူးလ် ဘာစီလိုနာနဲ့ အသက်လက်တီကိုအသင်းတွေရဲ့ ကစားသမားဟောင်းဖြစ်သူ ဆွာရက်ဇ်ဟာ သူရဲ့ ကစားသမားဘဝတလျှောက်အတွင်း ကလပ်အသင်းတွေအတွက် ပွဲစဉ်ပေါင်း (၇၃၀)အထိ ပါဝင်ကစားခဲ့ပြီး စုစုပေါင်း (၄၅၂)ဂိုးထိ သွင်းယူနိုင်ခဲ့ပြီး ဥရုဂွေးလက်ရွေးစင်အသင်းအတွက်လည်း (၁၃၂)ပွဲကစား (၆၈)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ကစားသမားဘဝအတွင်း အသင်းလိုက်ဆုဖလားတွေ တစ်ဦးချင်း အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ ဆွာရက်ဇ်ဟာ လက်ရှိမှာတော့ ဥရောပကနေ တောင်အမေရိက ဘောလုံးနယ်ပယ်ထဲကို ပြောင်းရွှေ့လာဖို့ နီးစပ်နေပြီး ရေးဗားပလိတ်ကလည်း ဆွာရက်ဇ်ရဲ့ ကစားဘဝ နောက်ဆုံးသော ကလပ်အသင်း ဖြစ်လာဖွယ် ရှိနေပါတယ်။

Exit mobile version