MySport Myanmar

ကစားသမားဟောင်း လူးဝစ်ဆွာရက်ဇ်ကို ပြန်လည်ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတဲ့ အေဂျက်စ်

ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဝါရင့် တိုက်စစ်ကစားသမားကြီး လူးဝစ်ဆွာရက်ဇ်ဟာ လက်ရှိမှာ အသင်းနဲ့ ဆက်လက်ပူးပေါင်းဖို့ထက် လက်တွဲဖြုတ်သွားဖို့ကိုပဲ စီစဉ်နေတာကြောင့် သူ့ကို သူရဲ့အသင်းဟောင်းတစ်သငး်ဖြစ်တဲ့ အေဂျက်စ်အသင်းက ပြန်လည်ခေါ်ယူသွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : FC Barcelona Noticias

အသက်(၃၅)နှစ်အရွှယ် ရှိနေပြီဖြစ်တဲ့ ဥရုဂွေးလက်ရွေးစင် တိုက်စစ်ကစားသမားကြီး ဆွာရက်ဇ်ဟာ မနှစ်က ဘောလုံးရာသီကမှ ဘာစီလိုနာကနေ အသက်လက်တီကိုအသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး ပထမဆုံးရာသီမှာပဲ အသင်းအတွက် လာလီဂါသွင်းဂိုး (၂၁)ဂိုး သွင်းယူပေးနိုင်ခဲ့သလို အသင်းကိုလည်း လာလီဂါချန်ပီယံ ဖြစ်လာအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယမြောက်ရာသီမှာတော့ ဆွာရက်ဇ်ရဲ့ အရေးပါမှုတွေက တဖြည်းဖြည်း လျော့ကျလာခဲ့သလို ဒီရာသီအပြီးမှာ ကုန်ဆုံးတော့မယ့် သူရဲ့စာချုပ်ကိစ္စကိုလည်း အသင်းဘက်ကနေ သက်တမ်းတိုးဖို့ လုပ်ဆောင်လာခြင်း မရှိတဲ့အတွက် လာမယ့်နွေမှာ အသင်းနဲ့ လမ်းခွဲဖို့က သေချာသလောက်ထိ ရှိသွားခဲ့ရပါတယ်။

Photo Credit : Bein Sports

ကစားသမားဘဝအတွင်း အေဂျက်စ် လီဗာပူးလ် ဘာစီလိုနာနဲ့ အသက်လက်တီကိုတို့မှာ ကျင်လည်ခဲ့ပြီး အောင်မြင်မှုများစွာ ရယူနိုင်ခဲ့တဲ့ ဆွာရက်ဇ်ဟာ လက်ရှိမှာ အကျပိုင်းကို အနည်းငယ် ရောက်ရှိနေတယ်ဆိုပေမယ့်လည်း အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားသူဖြစ်သလို ဒီရာသီမှာလည်း အသင်းအတွက် (၁၁)ဂိုးထိ သွင်းယူနိုင်ထားသူဖြစ်လို့ သူ့ကို ခေါ်ယူသွားဖို့ ကလပ်အသင်းများစွာက စိတ်ဝင်စားနေကြပါတယ်။ ဆွာရက်ဇ်ကို ခေါ်ယူချင်နေတဲ့ အသင်းတွေထဲမှာ ဥရောပရဲ့ ထိပ်သီးအသင်းတွေဖြစ်တဲ့ အင်တာမီလန် ဆီဗီလာတို့အပြင် သူရဲ့လီဗာပူးလ်အသင်းဖော်ဟောင်း စတီဗင်ဂျရတ် ကိုင်တွယ်နေတဲ့ အက်စတွန်ဗီလာအသင်းနဲ့ ဆွာရက်ဇ်ရဲ့ ပထမဦးဆုံး ဥရောပကလပ် အေဂျက်စ်အသင်းတို့ကပါ ဆွာရက်ဇ်ကို ခေါ်ယူဖို့ အသီးသီး စိတ်ဝင်စားနေကြပါတယ်။ နယ်သာလန် ထိပ်တန်းကလပ် အေဂျက်စ်အသင်းကတော့ လာမယ့်ဘောလုံးရာသီမှာ အသင်းရဲ့ ဂိုးသွင်းစက် ဆီဘက်စတီယန်ဟယ်လာကို လက်လွတ်ရနိုင်မယ့် အခြေအနေမျိုး ရှိနေရတာကြောင့် ဆွာရက်ဇ်ကို ဟယ်လာရဲ့နေရာမှာ ပြန်လည်အစားထိုးလိုနေတာ ဖြစ်ပါတယ်။ ဆွာရက်ဇ်အနေနဲ့ အသက်လက်တီကိုကနေ ထွက်ခွာဖြစ်မယ်ဆိုရင် သူ့ကို နေရာပို့ပေးနိုင်မယ့် အသင်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ရောက်ဆင်နွဲခွင့်ရမယ့် အသင်းကိုသာ ဦးစားပေး ပြောင်းရွှေ့နိုင်တာကြောင့် အေဂျက်စ်နဲ့ ပြန််လည်ပေါင်းဖက်ဖွယ် ရှိနေရပါတယ်။

Exit mobile version