ဘာစီလိုနာ နည်းပြ ရော်နယ် ကိုးမန်းဟာ ယနေ့ည၊ (၁၁း၃၀) အချိန်မှာ ဂင်နက်စ်တစ်အသင်းနဲ့ ကလပ် ချစ်ကြည်ရေး ပွဲစဉ်ကို ကစားရမှာ ဖြစ်ပြီး အသင်းရဲ့ ကစားသမားစာရင်းမှာ တိုက်စစ်မှူး ဆွာရက်စ် နဲ့ ကွင်းလယ် ကစားသမား ဗီဒယ်လ်ကို မထည့်ဘဲ ချန်လှပ်သွားခဲ့တာပဲ ဖြစ်ပါတယ်။ နည်းပြ ကိုးမန်းဟာ တိုက်စစ်မှူး ဆွာရက်စ် နဲ့ ကွင်းလယ်လူ ဗီဒယ်လ်တို့ကို ချစ်လှပ်ထားခဲ့ရတဲ့ အကြောင်းအရင်းကိုလည်း မရှင်းပြခဲ့တာပဲ ဖြစ်ပြီး ကွင်းလယ်လူ ပီဂျာနစ်၊ နောက်ခံလူ တိုဒီဘို၊ တိုက်စစ်မှူး ဖာတီ နဲ့  ဂိုးသမား တာစတီဂန်တို့ကိုလည်း မခေါ်သွားဘဲ အနားယူခွင့်ပေးခဲ့ပါတယ်။

Photo Credit: Dailymail

တိုက်စစ်မှူး ဆွာရက်စ် နဲ့ ကွင်းလယ်လူ ဗီဒယ်လ်တို့ဟာ ဘာစီလိုနာအသင်းက ထွက်နိုင်တယ်လို့ သတင်းတွေ ထွက်နေပြီး ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်မြို့မှာ ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ်ကို ကစားခဲ့တာက သူတို့ နှစ်ယောက်ရဲ့ ဘာစီလိုနာအသင်းအတွက် နောက်ဆုံးပွဲစဉ် ဖြစ်နိုင်ပါတယ်။ နည်းပြ ကိုးမန်းကတော့ ယနေ့ည၊ ဂင်နက်စ်တစ်အသင်းနဲ့ ကစားသွားမယ့် ချစ်ကြည်ရေး ပွဲစဉ်မှာ နှစ်သင်းပုံစံနဲ့ ကစားသွားမှာ ဖြစ်တာကြောင့် ကစားသမားတွေအနေနဲ့ တစ်ပိုင်းစီ ကစားရမှာ ဖြစ်ပြီး အသင်းရဲ့ တိုးတတ်ဖို့ လိုအပ်တဲ့ နေရာတွေကို လေ့လာသွားမှာ ဖြစ်တယ်လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Dailymail

ယနေ့ည ကစားမယ့် ချစ်ကြည်ရေး ပွဲစဉ်ကနေ ချန်လှပ်ခံရတဲ့ တိုက်စစ်မှူး ဆွာရက်စ်ဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ဂျုဗင်တပ်အသင်းကို ပြောင်းရွေ့နိုင်ဖို့ ချိတ်ဆက်နေခဲ့ပြီး ဘာစီလိုနာ အသင်းနဲ့လည်း လက်ရှိ စာချုပ်ကို ဖျက်သိမ်းဖို့ ဆွေးနွေးသွားခဲ့ပြီလို့ သတင်းတွေ ထက်ခဲ့ပါတယ်။ တိုက်စစ်မှူး ဆွာရက်စ်ဟာ အီတလီ စီးရီးအေး အသင်းကြီး ဖြစ်တဲ့ ဂျုဗင်တပ်အသင်းနဲ့ လစာကိစ္စ ဆွေးနွေးမှု ရရှိသွားခဲ့ပြီ ဖြစ်တယ်လို့ သတင်းတွေ ထွက်လာခဲ့တာကြောင့် ဂျုဗင်တပ်အသင်းမှာ ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ အတူ တွဲကစားလာနိုင်ချေ အလွန် များပါတယ်။ တစ်ဆက်တည်းမှာပဲ ဘာစီလိုနာ ကွင်းလယ်လူ ဗီဒယ်လ်ဟာ ဘာစီလိုနာအသင်းကို မက်ဆီအပေါ်မှာပဲ မှီခိုလွန်းတယ်လို့ ဝေဖန်ခဲ့တာ ဖြစ်ပြီး လက်ရှိရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ စီးရီးအေ ပြိုင်ပွဲက အင်တာမီလန်အသင်းကို ပြောင်းသွားနိုင်တယ်လို့ သတင်း ထွက်နေပါတယ်။ ဘာစီလိုနာအသင်းဟာ ယနေ့ညမှာ ဂင်နက်စ်တစ်အသင်းနဲ့ ကလပ် ချစ်ကြည်ရေး ပွဲစဉ် ကစားပြီးရင် ဗီရိုနာအသင်းနဲ့လည်း ကလပ် ချစ်ကြည်ရေး ပွဲစဉ်ကို ဆက်လက် ကစားသွားရဦးမှာ ဖြစ်ပြီး လာမယ့် (၂၇) ရက်နေ့မှာ ဗီလာရီးရဲလ်အသင်းနဲ့ လာလီဂါ အဖွင့်ပွဲကို ကစားသွားမှာ ဖြစ်ပါတယ်။