မော်ရိုကိုအသင်းကို ကွာတားဖိုင်နယ်အဆင့်မှာ တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးကနေ ထွက်ခွာခဲ့ရတဲ့ ပေါ်တူဂီအသင်းရဲ့ ရှုံးနိမ့်မှုနဲ့ ပတ်သတ်ပြီး ပေါ်တူဂီ ဂန္တဝင်ကစားသမားဟောင်းကြီး လူးဝစ်ဖီဂိုက ခရစ္စတီယာနိုရော်နယ်လ်ဒိုကို အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ နေရာမပေးခဲ့တဲ့ နည်းပြ ဖာနန်ဒိုဆန်းတို့စ်ကို ပြစ်တင်ဝေဖန်မှုတွေ လုပ်ဆောင်သွားခဲ့ပါတယ်။

Photo Credit : Sportmanor

GOAT ကြီး ရော်နယ်လ်ဒို ဦးဆောင်လာတဲ့ ပေါ်တူဂီအသင်းဟာ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုတွင်းမှာ ဂါနာ ဥရုဂွေးတို့ကို ဆက်တိုက် အနိုင်ယူခဲ့ပြီးနောက် ရှုံးထွက်အဆင့်ဆီ စောစောစီးစီး တတ်လှမ်းနိုင်ခဲ့ပြီး အုပ်စုနောက်ဆုံးပွဲမှာ တောင်ကိုရီးယားကို အရှုံးပေးခဲ့ရပေမယ့် ရှုံးထွက်(၁၆)သင်းအဆင့်မှာတော့ ဆွစ်ဇာလန်အသင်းကို (6-1) နဲ့ အပြတ်အသတ် အနိုင်ယူခဲ့ပါတယ်။ ဒါပေမယ့် ပေါ်တူဂီဟာ ကွာတားအဆင့်မှာတော့ အာဖရိကအသင်း မော်ရိုကို ကို တစ်ဂိုးတည်းနဲ့ ကပ်ရှုံးနိမ့်ရင်း ၂၀၂၂ကမ္ဘာ့ဖလားမှာ ကွာတားနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။

Photo Credit : Eurosport

မော်ရိုကိုအသင်းနဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပေါ်တူဂီနည်းပြ ဆန်းတို့စ်က ဆွစ်ဇာလန်နဲ့ပွဲကလို ပုံစံမျိုးနဲ့သာ ပွဲထွက်လာခဲ့ပြီး အသင်းရဲ့ စူပါစတား ကစားသမားကြီး ရော်နယ်လ်ဒိုကို ထပ်မံ ချန်လှပ်ကာ ဆွစ်နဲ့ပွဲမှာ ဟက်ထရစ် ရရှိခဲ့တဲ့ ဂွန်ဆာလိုရာမို့စ်ကိုသာ ဆက်လက် သုံးလာခဲ့ပါတယ်။ ပထမပိုင်းမှာကတည်းက အန်နက်ဆီရီရဲ့ အံ့အားသင့်ဖွယ်ရာ ခေါင်းတိုက်ဂိုးနဲ့ ဦးဆောင်ခံနေရတဲ့ ပေါ်တူဂီအသင်းက ဒုတိယပိုင်း (၅၁)မိနစ်မှသာ ရော်နယ်လ်ဒိုကို ထည့်သွင်းခဲ့ပေမယ့် (1-0) ရလဒ်ကို မပြောင်းလဲနိုင်တော့ပဲ ရှုံးနိမ့်သွားခဲ့ရပါတော့တယ်။ ဒီရှုံးပွဲနဲ့ ပတ်သတ်ပြီး ဖီဂိုက “ခရစ္စတီယာနိုကို အရန်ခုံမှာ ထားရှိခြင်းနဲ့အတူ ကမ္ဘာ့ဖလားကို ရယူနိုင်မှာ မဟုတ်ဘူ။ ခရစ္စတီယာနိုရော်နယ်လ်ဒိုကို အရန်ခုံမှာ ထားရှိခဲ့ခြင်းက အမှားတစ်ခုပါပဲ။ ဒီရှုံးပွဲဟာ ဖာနန်ဒိုဆန်းတို့စ်မှာ တာဝန်ရှိပါတယ်” လို့ ပြစ်တင်ဝေဖန်သွားခဲ့ပါတယ်။ ဒါ့အပြင် ရော်နယ်လ်ဒိုရဲ့ ချစ်သူ ဂျော်ဂျီနာကိုယ်တိုင်လည်း ပေါ်တူဂီနည်းပြ ဆန်းတို့စ်ရဲ့ ဆုံးဖြတ်ချက်အပေါ် ဝေဖန်ခဲ့သလို အသင်းအတွက် အရေးပါလွန်းလှတဲ့ ပွဲစဉ်မှာ အသင်းရဲ့ အဓိကအကျဆုံး ကစားသမားက မဖြစ်မနေ ပွဲထွက်လာခဲ့သင့်တယ်လို့လည်း ဘောလုံးပရိသတ်တွေက မှတ်ချက်ပြုကြပါတယ်။ လက်ရှိမှာ အသက်(၃၈)နှစ်နား ကပ်လာခဲ့တဲ့ ရော်နယ်လ်ဒိုဟာ ကစားသမားဘဝရဲ့ နောက်ဆုံးသော ကမ္ဘာ့ဖလားပြိုင်ပွဲကို ဖြတ်သန်းခဲ့ပြီးပြီ ဖြစ်ပေမယ့် သူ လိုချင်နေတဲ့ အောင်မြင်မှုနဲ့တော့ လွဲချော်သွားခဲ့ရပါတယ်။