ဘာစီလိုနာအသင်း နဲ့ စပိန်လက်ရွေးစင် အသင်းတို့ရဲ့ နည်းပြဟောင်းဖြစ်သူ လူးဝစ်အန်နရီကေးဟာ ဒီတစ်ပတ်အတွင်းမှာ ပီအက်စ်ဂျီရဲ့ လက်ရှိနည်းပြ ခရစ္စတိုဖာဂယ်လ်တီယာရဲ့နေရာမှာ အစားထိုး ဝင်ရောက်လာနိုင်တော့မယ်လို့ သိရှိရပါတယ်။

Photo Credit : Football Espana

စပိန်လူမျိုး ဘောလုံးသမားဟောင်း နဲ့ နည်းပြ အန်နရီကေးဟာ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း စပိန်အသင်းကို (၁၆)သင်း ရှုံးထွက်အဆင့်ထိသာ ပို့ဆောင်နိုင်ခဲ့ပြီးနောက် မော်ရိုကိုအသင်းကို ရှုံးထွက်မှာ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရချိန်မှာပဲ စပိန်အသင်းနဲ့ လက်တွဲဖြုတ်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကတည်းက အသင်းလက်မဲ့ ဖြစ်သွားတဲ့ အန်နရီကေးကို ချယ်လ်ဆီး စပါးအသင်းတို့တွေက အသင်းနည်းပြအဖြစ် ခန့်အပ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း အန်နရီကေးဘက်က ကမ်းလှမ်းမှုတွေကို လက်ခံသွားဖို့ သဘောမကျသေးတာကြောင့် အခုထိကို အသင်းမဲ့ ဖြစ်နေရပါတယ်။

Photo Credit : Marca

ပီအက်စ်ဂျီကလည်း လက်ရှိ နည်းပြ ဂယ်လ်တီယာနေရာမှာ အစားထိုးဖို့အတွက် နာမည်ကြီး နည်းပြတွေကို ဆက်တိုက် ချိန်ရွယ်ခဲ့ပေမယ့်လည်း မော်ရင်ဟို ဇီဒန်း အာတေတာတို့ အားလုံးက ပီအက်စ်ဂျီ နည်းပြရာထူးကို အကုန် ငြင်းပယ်ထားခဲ့ပြီး နာဂယ်စ်မန်းကို ကြိုးပမ်းရမှာလည်း အဆင်မပြေနိုင်ခဲ့တာကြောင့် နောက်ဆုံးမှာ အန်နရီကေးဘက် မြှားဉှီးလှည့်လာခဲ့ရပါတယ်။ ရိုးမား ဆယ်လ်တာဗီဂို ဘာစီလ်ိုနာနဲ့ စပိန်အသင်းတွေထိ ကိုင်တွယ်ခဲ့ဖူးသူ အန်နရီကေးဟာ ပီအက်စ်ဂျီ နည်းပြရာထူးကို လက်ခံဖို့ သဘောတူညီခဲ့တဲ့အတွက် လာမယ့် တစ်ပတ်အတွင်းမှာပဲ ပီအက်စ်ဂျီက အန်နရီကေးကို သူတို့နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း တရားဝင် ထုတ်ပြန်ဖွယ် ရှိနေပါတယ်။

ဘာစီလိုနာအသင်းမှာ ဖလား (၃)လုံး အောင်မြင်မှုအထိ ရယူပေးနိုင်ခဲ့တဲ့ အန်နရီကေးဟာ ပီအက်စ်ဂျီ နည်းပြ ဖြစ်လာချိန်မှာ အသင်းနဲ့ အနာဂတ် မရေရာတော့တဲ့ ဘာပေရဲ့ အခြေအနေကို ဖြေရှင်းသွားရဖို့ ရှိနေပြီး လက်ရွေးစင်အသင်းကနေ ကလပ်အသင်းကို ပြန်လည် ကိုင်တွယ်ချိန်မှာ ဘယ်လို အဆင်ပြေအောင် လုပ်ဆောင်နိုင်မလဲဆိုတာ စိတ်ဝင်စားစဖွယ် ဖြစ်နေပါတယ်။