MySport Myanmar

နောက်ထပ် ဗိုလ်လုပွဲတစ်ပွဲဆီကို သွားကြရအောင်လို့ အင်းနရစ် ကြုံးဝါး

လာမယ့် ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ရီးရဲလ် မက်ဒရစ်အသင်းနဲ့ ရင်ဆိုင်ရတော့မှာဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ နည်းပြ လူးဝစ် အင်းနရစ်က ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေရဲ့ မေးမြန်းမှုကို ဖြေကြားသွားခဲ့ပါတယ်။ ဒီအကြိတ်အနယ်ရှိလှတဲ့ပွဲစဉ်ကို အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် East Rutherford မြို့က MetLife အားကစားကွင်းကြီးမှာ ဇူလိုင်လ (၉)ရက် ဗုဒ္ဓဟူးနေ့ညမှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

“ဒါက သာမန်ပွဲတစ်ပွဲမဟုတ်ဘူး။ ဗိုလ်လုပွဲတက်ဖို့ အခွင့်အရေးပဲ။ ရီးရဲလ် မက်ဒရစ်နဲ့ ရင်ဆိုင်ရတာကတော့ သံသယဖြစ်စရာမလိုတဲ့ အထူးပွဲတစ်ပွဲပါ။ ဒီလိုပွဲမျိုးတွေ ကစားရတာကို ကျွန်တော်တို့ ပျော်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါဟာ ကျွန်တော်တို့ အလုပ်ကို ကောင်းကောင်းလုပ်နိုင်ခဲ့တယ်ဆိုတဲ့ သက်သေပါပဲ။ ဆီမီးဖိုင်နယ်ဆိုတာကကို အားတက်စရာကောင်းနေပါပြီ။ ကျွန်တော်ရော ကစားသမားတွေရော နောက်ထပ်ဗိုလ်လုပွဲတစ်ပွဲဆီ တက်လှမ်းဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ။ ဒီပွဲကို ထူးခြားစေတဲ့အရာတွေ အများကြီးရှိပေမယ့် အဓိကအကျဆုံးကတော့ ကမ္ဘာ့ဖိုင်နယ်ကို တက်ရောက်ကစားခွင့်ရဖို့ဆိုတဲ့ အခွင့်အရေးပါပဲ။ ဒါကြောင့် ကျွန်တော်တို့ ဒီပွဲနဲ့ ဒီဆီမီးဖိုင်နယ်အပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်ထားရပါမယ်။”

Photo Credit : ESPN

“ဘယ်သူက ရေပန်းစားလဲ မသိပေမယ့် ပွဲကောင်းတစ်ပွဲတော့ ဖြစ်မှာသေချာတယ်။ ပထမဆုံးအနေနဲ့ ဒီရီးရဲလ် မက်ဒရစ်အသင်းကို သုံးသပ်ဖို့က အရမ်းခက်ပါတယ်။ နည်းပြသစ် အလွန်ဆိုကလည်း အဲဒီမှာ သူ့အလုပ်ကို စလုပ်တုန်းပဲရှိသေးတယ်။ ဒါကြောင့် သူ့ကို သုံးသပ်ပြီး ဘယ်လိုလူမျိုးလဲလို့ ပြောဖို့က ခက်ခဲပါတယ်။ သူ့ကစားသမားတွေက တစ်ဦးချင်းအရည်အသွေးအရမ်းကောင်းတာတော့ ကျွန်တော်တို့သိပါတယ်။ ဒါပေမယ့် ဒါဟာ ရီးရဲလ် မက်ဒရစ်နည်းပြအဖြစ် သူ့ရဲ့ ပထမဆုံးအကြိမ်ပဲလေ။”

“ဒါပေမယ့် ဒီကလပ်မှာ ထိပ်တန်းအဆင့်ရောက်အောင် လုပ်နိုင်ဖို့ လိုအပ်တဲ့အရာအားလုံး သူ့မှာရှိတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်တို့နှစ်ယောက်ရဲ့ အခြေအနေက လုံးဝကွဲပြားပါတယ်။ ကျွန်တော်က ပီအက်စ်ဂျီမှာ အလုပ်လုပ်လာတာ (၂)နှစ်ရှိပြီ။ သူကတော့ မက်ဒရစ်ကို အခုမှရောက်လာတဲ့ နည်းပြပေါ့။ ကျွန်တော်တို့အသင်းက အခြေအနေကောင်းမှာ ရှိနေပါတယ်။ ဘယ်အသင်းက ရေပန်းစားနေလဲတော့ ကျွန်တော်မသိဘူး၊ ဒါပေမယ့် ပွဲကောင်းတစ်ပွဲဖြစ်လာမှာတော့ သေချာပါတယ်။”

Photo Credit : DAZN

“ကစားသမားတွေ နည်းပြအဖွဲ့ဝင်တွေနဲ့ အသင်းတာဝန်ရှိသူတွေအားလုံးက သမိုင်းသစ် ရေးထိုးချင်နေကြပါတယ်။ လေးနှစ်မှာတစ်ကြိမ်သာရတဲ့ ကမ္ဘာ့ချန်ပီယံဖြစ်ခွင့်ကို ကျွန်တော်တို့ ရထားပါတယ်။ ဒါကြောင့် ဗုဒ္ဓဟူးနေ့မှာကစားမယ့်ပွဲက ဥရောပရဲ့ အကောင်းဆုံးကလပ်တစ်သင်းနဲ့တွေ့ဆုံရမှာဖြစ်လို့ စိတ်ဓာတ်တက်ကြွစရာပါပဲ။ ကျွန်တော်တို့ရဲ့ ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက်ကတော့ အနိုင်ရပြီး ဗိုလ်လုပွဲတက်ဖို့ပါပဲ။”

“ဗိုလ်လုပွဲနဲ့ နီးနေပြီ။ ဒါကကို စိတ်ဓာတ်တက်ကြွဖို့ လုံလောက်တယ်။ ကျွန်တော် ဘာမှအထူးတလည်ပြောစရာမရှိပါဘူး။ ဒါဟာ ကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တစ်ပွဲပါပဲ။ ဒါဟာ ကျွန်တော်တို့အတွက်ရော၊ သူတို့အတွက်ပါ အဓိပ္ပာယ်အများကြီးရှိပါတယ်။ ဒီအရေးကြီးတဲ့ပွဲကို ကျွန်တော်တို့ ထိန်းချုပ်ကစားသွားဖို့ ကြိုးစားမှာပါ။ ဗိုလ်လုပွဲကစားဖို့ လက်တစ်ကမ်းအလိုကို ရောက်နေပြီဖြစ်တာကြောင့် ဒါကကို ကျွန်တော်တို့ကို စိတ်ဓာတ်တက်ကြွနေစေဖို့ လုံလောက်နေပါပြီ။ ရာသီရှည်ကြီးတစ်ခုရဲ့ အဆုံးသတ်ကာလဖြစ်ပေမယ့် ကစားသမားတွေအနေနဲ့ ဒီပြိုင်ပွဲကို နောက်တစ်ခါ ထပ်ကစားခွင့်ရချင်မှ ရတော့မှာပါ။ ဒါဟာ ပထမဆုံးအကြိမ်ကျင်းပတဲ့ ကလပ်ကမ္ဘာ့ဖလားရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ဖြစ်တယ်ဆိုတာကိုလည်း မမေ့သင့်ပါဘူး။” လို့ ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version