စပိန်လက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်သူ လူးဝစ်ဟင်းနရစ်က ဒီနေ့ညမှာ သူတို့ရင်ဆိုင်သွားရမယ့် ပေါ်တူဂီအသင်းဟာ သူတို့စပိန်အသင်းထက် တောင့်တင်းခိုင်မာပြီး ကောင်းမွန်လှတဲ့ ကစားသမားအင်အားကို ပိုင်ဆိုင်ထားတဲ့ အသင်းတစ်သင်း ဖြစ်တယ်လို့ ဝန်ခံ ပြောကြားလိုက်ပါတယ်။

Photo Credit : Football Espana

စပိန်နဲ့ပေါ်တူဂီတို့ဟာ UEFA Nations League ပြိုင်ပွဲမှာ တစ်အုပ်စုတည်း ကျရောက်နေတဲ့အပြင် ဆီမီးဖိုင်နယ်တတ်ရေး အဆုံးအဖြတ်ပေးမယ့် အုပ်စုနောက်ဆုံးပွဲစဥ်မှာပါ ထိပ်တိုက် တွေ့ဆုံနေရပါတယ်။ လက်ရှိအနေအထားအရ ရမှတ်(၁၀)မှတ် ပိုင်ဆိုင်ထားတဲ့ ပေါ်တူဂီအသင်းက (၈)မှတ်သာ ရထားတဲ့ စပိန်ထက် ဆီမီးကို တတ်လှမ်းဖို့ အလားအလာ ပိုကောင်းနေတဲ့အပြင် စပိန်နည်းပြ ဟင်းနရစ်ကပါ သူတို့အသင်းထက် ပေါ်တူဂီအသင်းက ကစားသမားပိုင်းမှာ ပိုကောင်းတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားတယ်လို့ပါ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Public News Time

ပြိုင်ဘက် ပေါ်တူဂီနဲ့ ပတ်သတ်ပြီး ဟင်းနရစ်က “အခုလက်ရှိ စပိန်နဲ့ စပ်လျဥ်းပြီး ပြောရမယ်ဆိုရင် ပေါ်တူဂီက စပိန်ထက် ပိုကောင်းတဲ့ ကစားသမားတွေ ရှိနေတယ်။ သူတို့ရဲ့ ပွဲထွက်ကစားသမား တော်တော်များများက ပရီးမီးယားလိဂ် စပိန်လာလီဂါ အခြားသော အမှတ်ပေးလိဂ်တွေမှာပါ ပုံမှန်နေရာရပြီးသား ကစားသမားတွေပါ။ ကစားသမားကောင်းတွေက နေရာတိုင်းမှာ ရှိနေတာ စိတ်ဝင်စားစရာပါ။ လာမယ့် ကမ္ဘာ့ဖလားမှာ နှစ်သင်းလုံး အောင်ပွဲရဖို့ကို မျှော်လင့်ပါတယ်” လို့ ပြောကြားလိုက်ပါတယ်။ ဟင်းနရစ်ရဲ့ စပိန်အသင်းဟာ ပြီးခဲ့တဲ့နှစ်က Nations League ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်ထိ တတ်လှမ်းနိုင်ခဲ့ပေမယ့် ဗိုလ်လုပွဲမှာတော့ ပြင်သစ်အသင်းကို ရှုံးနိမ့်ခဲ့ရပါတယ်။ ပေါ်တူဂီကတော့ Nations League ပြိုင်ပွဲ စတင် ကျင်းပတဲ့နှစ်မှာပဲ Nations League ရဲ့ ပထမဆုံး ချန်ပီယံဆုကို ဆွတ်ခူးထားတာ ဖြစ်ပါတယ်။ စပိန်နဲ့ပေါ်တူဂီတို့က ပြိုင်ပွဲစုံမှာ မကြာခဏ ဆုံတွေ့တတ်ကြတဲ့ အသင်းတွေဖြစ်ပေမယ့်လည်း ၂၀၁၀ခုနှစ်နောက်ပိုင်း (၅)ကြိမ်ဆက်တိုက်အထိ အနိုင်အရှုံးမပေါ်ခဲ့ပဲ သရေပွဲတွေနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီပွဲမှာသာ သရေပွဲ ထပ်ဖြစ်မယ်ဆိုရင်တော့ စပိန်က ကျန်ခဲ့ပြီး ပေါ်တူဂီက ဆီမီးတတ်သွားမှာဖြစ်လို့ ဒီပွဲကို စပိန်တို့ ဖောင်ဖျက်ကစားရဖွယ် ရှိနေပါတယ်။