ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ နည်းပြချုပ် အင်းနရစ်က သူတို့အသင်းဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ ဒေါ့မွန်ကို အဝေးကွင်းမှာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် အိမ်ကွင်းရောက်ရင် ဒေါ့မွန်ကို ဖောင်ဖျက်ကာ တိုက်စစ်ဆင် ကစားပြီး အနိုင်ယူမယ်လို့ ပွဲပြီးအင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အင်းနရစ် ဦးဆောင်နေတဲ့ ပီအက်စ်ဂျီက ဒီရာသီမှာ ပြိုင်ပွဲ ၄ခုကို တပြိုင်ထဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ပြင်သစ် စူပါဖလားနဲ့ လီဂူးဝမ်းဖလားတို့ကို သိမ်းပိုက်ထားနိုင်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် အထိ တက်ရောက်ထားနိုင်သလို ပြင်သစ်ဖလားပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲ အထိ တက်လှမ်းထားနိုင်ပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ ပီအက်စ်ဂျီက ဒီရာသီမှာ ဖလား၄လုံး ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်မယ့် အလားအလာတွေ ရှိနေပြီး အင်းနရစ် အပါအဝင် ပီအက်စ်ဂျီရဲ့ အသင်းသားတွေက သူတို့အသင်းရဲ့ သမိုင်းတလျှောက် ပထမဦးဆုံး ချန်ပီယံလိဂ်ဖလားကို အရယူကာ ဖလား ၄လုံး ချန်ပီယံ အဖြစ် အောင်ပွဲခံဖို့ စိတ်ကူးယဉ်နေကြပါတယ်။

ဖလား ၄လုံးချန်ပီယံ မျှော်လင့်ချက်ကြောင့် ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဒေါ့မွန်နဲ့ ပီအက်စ်ဂျီတို့ရဲ့ ပွဲစဉ်မှာ အင်းနရစ်က အသင်းရဲ့ အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးကာ အနိုင်ရလဒ် ရရှိရေး အတွက် ကြိုးစားခဲ့ပေမယ့် ပီအက်စ်ဂျီဟာ အိမ်ကွင်းမာတဲ့ ဒေါ့မွန်ရဲ့ ခံစစ်ကြောင်းကို မထိုးဖောက်နိုင်ခဲ့တာကြောင့် အဝေးကွင်းမှာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

 

Photo Credit: Standard

အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့တာကြောင့်ပဲ ပီအက်စ်ဂျီက ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ဖို့ အတွက် ဒုတိယအကျော့ အဖြစ် အိမ်ကွင်းမှာ ကစားရမယ့် ပွဲစဉ်မှာ ဒေါ့မွန်ကို အနည်းဆုံး ၂ဂိုးပြတ် အနိုင်ယူဖို့ လိုအပ်နေပြီး အင်းနရစ်ကတော့ သူတို့အသင်းဟာ ဒုတိယအကျော့မှာ ဒေါ့မွန်ကို ဘုရင့်နောင်ဖောင်ဖျက်စိတ်ဓာတ်နဲ့ တိုက်စစ်ဆင် ကစားကာ အနိုင်ရလဒ်ကို ရယူမယ်လို့ ကြုံးဝါးခဲ့ပါတယ်။

အင်းနရစ်က – “ကျွန်တော်တို့မှာ ဆုံးရှုံးစရာ မရှိတော့ပါဘူး။ ကျွန်တော်တို့က ဒုတိယအကျော့မှာ ဒေါ့မွန်ကို အနိုင်ယူပြီး ဗိုလ်လုပွဲ တက်ဖို့ပဲ လုပ်ရတော့မှာပါ။ ဒုတိယအကျော့ပွဲက နှစ်သင်းစလုံး အတွက် အခွင့်အရေး ရှိမယ့် ပွဲမျိုးပါ။ ဒုတိယကျော့မှာတော့ ကျွန်တော်တို့ရဲ့ အနောက်မှာ ကျွန်တော်တို့ရဲ့ ပရိသတ်တွေ ရှိနေပါလိမ့်မယ်။ ကျွန်တော်တို့က နိုင်ပွဲ ယူနိုင်ဖို့ ဆိုရင် ဒီနေ့ပွဲမှာထက် ပိုကောင်းတဲ့ အဆုံးသတ်စွမ်းရည်တွေကို ပြသသွားဖို့တော့ လိုပါမယ်” လို့ ပြောကြားသွားခဲ့တာပါ။