MySport Myanmar

ယာမယ်လ်ရဲ့ ဒဏ်ရာက စိုးရိမ်စရာ မရှိကြောင်း ဒယ်လာဖွန်တေး အတည်ပြု

စပိန်အသင်းရဲ့နည်းပြ လူးဝစ် ဒယ် လာ ဖွန်တေးက ဘူလ်ဂေးရီးယားနဲ့ပွဲစဉ်မှာ ဘာစီလိုနာကြယ်ပွင့် လာမင်း ယာမယ်လ်ကို လူစားလဲခဲ့ရပြီးနောက် ဖြစ်ပေါ်နေတဲ့ ဒဏ်ရာစိုးရိမ်မှုတွေကို လျော့ပါးစေခဲ့ပြီး ကစားသမားရဲ့အခြေအနေက စိုးရိမ်စရာမရှိကြောင်း အတည်ပြုပြောကြားလိုက်ပါတယ်။

ဆိုဖီယာမြို့မှာ ကစားခဲ့တဲ့ပွဲစဉ်မှာ စပိန်အသင်းဟာ အလွယ်တကူ အနိုင်ရရှိခဲ့ပေမယ့် နည်းပြ ဒယ် လာ ဖွန်တေးကတော့ တနင်္ဂနွေနေ့မှာ ရင်ဆိုင်ရမယ့် တူရကီအသင်းနဲ့ပွဲက ပိုမိုခက်ခဲလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။ဘူလ်ဂေးရီးယားနဲ့ပွဲစဉ်မှာ မီခေးလ် အိုယာဇာဘယ်လ်၊ မာ့ခ် ကူကူရယ်လာနဲ့ မီခေးလ် မီရီနိုတို့ရဲ့ သွင်းဂိုးတွေနဲ့ ပထမပိုင်းမှာပဲ စပိန်တို့ ၃-၀ ဂိုးနဲ့ အပြတ်အသတ် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နည်းပြကတော့ ဒုတိယပိုင်းက ခြေစွမ်းအပေါ် ကျေနပ်ခြင်းမရှိခဲ့ပါဘူး။

Photo Credit : Football Espana

“ကျွန်တော်တို့ ပထမပိုင်းမှာ ခြေစွမ်းကောင်းခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ပုံစံပျက်သွားပြီး လန်းဆန်းမှုမရှိတော့ဘူး။ ရာသီအစဖြစ်လို့ ဒါက သဘာဝပါပဲ။ တူရကီနဲ့ပွဲကတော့ မတူညီတဲ့ပွဲတစ်ပွဲ ဖြစ်လာမှာ သေချာပါတယ်” လို့ သူက Diario AS ကို ပြောကြားခဲ့ပါတယ်။

ပွဲရဲ့ဒုတိယပိုင်းမှာ ကျောဘက်မှာ မအီမသာဖြစ်တယ်လို့ ဆိုလာတဲ့ လာမင်း ယာမယ်လ်ကို လူစားလဲခဲ့ရတာကြောင့် စိုးရိမ်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ နည်းပြ ဒယ် လာ ဖွန်တေးကတော့ Cadena SER ကို အခုလို အတည်ပြုခဲ့ပါတယ်။ “သူ တစ်ခုခု ခံစားလိုက်ရတာ မှန်ပေမယ့် ဒဏ်ရာအကြီးအကျယ်တော့ မဟုတ်ဘူးလို့ ယုံကြည်ရပါတယ်။”

Photo Credit : Goal

ယာမယ်လ်ဟာ သောကြာနေ့ (ယနေ့) လေ့ကျင့်ခန်းကို အနားယူမှာဖြစ်ပြီး တူရကီနဲ့ပွဲအတွက် ပြင်ဆင်မှုတွေမှာ ပြန်လည်ပါဝင်လာမှာဖြစ်တာကြောင့် တနင်္ဂနွေနေ့ပွဲစဉ်အတွက် အသင့်ဖြစ်နေလိမ့်မယ်လို့ သိရပါတယ်။ ဒီပွဲစဉ်မှာ ဒယ် လာ ဖွန်တေးဟာ အသင်းခေါင်းဆောင် အယ်ဗာရို မိုရာတာကို အရံခုံမှာထားပြီး မီခေးလ် အိုယာဇာဘယ်လ်ကို ပွဲထွက်တိုက်စစ်မှူးအဖြစ် အသုံးပြုခဲ့ရာမှာ ဘတ်စ်ခ်တိုက်စစ်မှူးက သူ့အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

တိုက်စစ်မှူးနေရာဟာ စပိန်အသင်းအတွက် မေးခွန်းထုတ်စရာဖြစ်နေပေမယ့် နည်းပြကတော့ “ကျွန်တော် လုံးဝမစိုးရိမ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ ဂိုးသွင်းနိုင်တဲ့ကစားသမားတွေ အများကြီးရှိနေလို့ပါ။ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ကျွန်တော်တို့ စပိန်အသင်းသမိုင်းတစ်လျှောက် ပြိုင်ပွဲမှာ ဂိုးအများဆုံးစံချိန်ကို ချိုးဖျက်နိုင်ခဲ့ပြီး နေရာစုံက မတူညီတဲ့ ကစားသမား ၁၀ ယောက်က ဂိုးတွေသွင်းယူပေးခဲ့ပါတယ်” လို့ ယုံကြည်ချက်ရှိရှိ ပြောကြားခဲ့ပါတယ်။

Exit mobile version