လတ်တလောမှာ အသင်းနဲ့ ဆက်ဆံရေးတွေ ပျက်ပြားနေရင်း လာမယ့် ဆောင်းဈေးကွက် ဖွင့်လှစ်ချိန်မှာပါ အသင်းကနေ ထွက်ခွာသွားဖို့အထိ ရှိနိုင်တယ်လို့ သတင်းထွက်နေတဲ့ တိုက်စစ်ကစားသမား ကီလီယန်အမ်ဘာပေနဲ့ ပတ်သတ်ပြီး လက်ရှိ အခြေအနေတွေအအကြောင်းကို ပီအက်စ်ဂျီအသင်းရဲ့ ဘောလုံးအကြံပေးတစ်ဦးဖြစ်သူ လူးဝစ်ကမ်ပို့စ်က ရှင်းလင်း ပြောကြားလာခဲ့ပါတယ်။

Photo Credit : Forbes

ဘာပေနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ကြားမှာ ဆက်ဆံရေးတွေ ပြိုကွဲနေပြီဆိုတဲ့ သတင်းတွေက ပီအက်စ်ဂျီနဲ့ ဘင်ဖီကာအသင်းတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် နာရီပိုင်းအလိုမှာပဲ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ဒီလို အခြေအနေတွေကြောင့် ဘာပေက လာမယ့် ဆောင်းဈေးကွက်မှာ အသင်းကနေ ထွက်ခွာလိမ့်မယ်လို့ သတင်းထွက်လာခဲ့ပါတယ်။ ဒါပေမယ့် ဘာပေက ဘင်ဖီကာနဲ့ပွဲမှာ အသင်းအတွက် တစ်လုံးတည်းသော သွင်းဂိုးကို ပင်နယ်တီကနေ သွင်းယူသွားခဲ့သလို ဘာပေရဲ့အခြေအနေကလည်း သတင်းတွေမှာ ဖော်ပြနေသလိုမျိုး ဖြစ်မနေဘူးလို့ ပီအက်စ်ဂျီရဲ့ ဘောလုံးအကြံပေး ကမ်ပို့စ်က ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Sportsmanor

ဘာပေရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး လူးဝစ်ကမ်ပို့စ်က “ကျွန်တော် ကီလီယန်အမ်ဘာပေနဲ့ နေ့တိုင်းနီးပါး စကားပြောဖြစ်တယ်။ သူ ဇန်နဝါရီလမှာ အသင်းကနေ ထွက်ခွာချင်တယ်လို့တော့ တစ်ခါမှကို မပြောခဲ့ဖူးပါဘူး” လို့ ရှင်းလင်းသွားခဲ့ပါတယ်။ အသက်(၂၃)နှစ်အရွယ်ရှိ ပြင်သစ်စူပါစတား ဘာပေဟာ ပြီးခဲ့တဲ့ မေလကပဲ ပီအက်စ်ဂျီအသင်းနဲ့ ၂၀၂၅ခုနှစ် ဇွန်လအထိ သက်တမ်းရှိမယ့် စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုထားခဲ့တာဖြစ်ပြီး Sky Sports ရဲ့ ဖော်ပြချက်မှာဆိုရင် ဘာပေရဲ့ စာချုပ်သစ်ပါ အချက်အလက်တွေအရ တစ်ပတ်လုပ်ခ ပေါင်(၄)သန်းလောက်အထိ ဝင်ငွေရှိနေတာဖြစ်လို့ ဒီပမာဏက သူ့ကို ကမ္ဘာ့လုပ်ခအများဆုံး ကစားသမား ဖြစ်လာစေခဲ့ရပါတယ်။ ဒါ့အပြင် စာချုပ်သက်တမ်း တိုးမြှင့်ပြီးကတည်းက ပီအက်စ်ဂျီဟာ ဘာပေကို အသင်းမှာ အာဏာအရှိဆုံး ကစားသမားအဖြစ်ပါ သတ်မှတ်လာခဲ့ပေမယ့် ဘာပေက အသင်းဆီ တောင်းဆိုထားမှုတချို့ကို အသင်းဘက်က လိုက်လံ မလုပ်ဆောင်ပေးနိုင်တာကနေ စတင်ပြီး ဘာပေနဲ့ ပီအက်စ်ဂျီတို့ကြားမှာ ဆက်ဆံရေးပိုင်းတွေ ယိုယွင်းလာခဲ့ရတာ ဖြစ်တယ်လို့ သုံးသပ်ထားခဲ့ကြပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီဘက်ကတော့ အခုထွက်ပေါ်နေတဲ့ သတင်းတွေကို ငြင်းဆန်ထားခဲ့ပြီး လာမယ့်ဈေးကွက်ထဲမှာပါ ဘာပေကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းသွားမှာလို့ သိရပါတယ်။