ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ နည်းပြချုပ် ဖြစ်သူ အင်းနရစ်က သူတို့အသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ ဒေါ့မွန်ကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ထားပေမယ့် ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် ဒုတိယအကျော့ ပွဲစဉ်မှာ ဒေါ့မွန်ကို အနိုင်ရပြီး ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်လိမ့်မယ်လို့ ယုံကြည်ထားကြောင်း ပွဲကြိုအင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

အင်းနရစ် ဦးဆောင်နေတဲ့ ပီအက်စ်ဂျီက ဒီရာသီမှာ ပြည်တွင်း ၊ ပြည်ပ နှစ်နေရာစလုံးမှာ ရလဒ်ကောင်းတွေ တောက်လျှောက် ရယူထားနိုင်ပြီး ပီအက်စ်ဂျီက ပြည်တွင်းမှာ ပြင်သစ်စူပါဖလားနဲ့ ပြင်သစ် လီဂူးဝမ်းဖလား ၂လုံးစလုံးကို သိမ်းပိုက်ထားနိုင်သလို ပြင်သစ်ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲဆီလည်း တက်လှမ်းထားနိုင်ပါတယ်။

Photo Credit: Metro

ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ပီအက်စ်ဂျီက ရလဒ်ကောင်းတွေ တောက်လျှောက် ရရှိထားပြီး ၁၆သင်းအဆင့်မှာ ဆိုစီဒက်နဲ့ ကွာတားဖိုင်နယ်မှာ ဘာစီလိုနာတို့ကို အနိုင်ယူကာ ဆီမီးဖိုင်နယ်ဆီ ရောက်ရှိနေပြီး ဆီမီးဖိုင်နယ် ပထမအကျော့မှာတော့ ဒေါ့မွန်ကို အဝေးကွင်းမှာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ထားပါတယ်။

ပီအက်စ်ဂျီက ပထမအကျော့မှာ ဒေါ့မွန်ကို ရှုံးနိမ့်ထားတာကြောင့် ယနေ့ညမှာ ကစားမယ့် ဒုတိယအကျော့ ပွဲစဉ်မှာ ဒေါ့မွန်ကို မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်နေပြီး ပီအက်စ်ဂျီဟာ ဗိုလ်လုပွဲဆီ တက်လှမ်းချင်ရင် ဒေါ့မွန်ကို အနိမ့်ဆုံး ၂ဂိုးပြတ်နဲ့ အနိုင်ယူဖို့ လိုအပ်နေပါတယ်။

လက်ရှိခြေစွမ်းပိုင်းအရ ပီအက်စ်ဂျီနဲ့ ဒေါ့မွန်တို့ ကြားထဲမှာ များစွာ ကွာခြားမှု မရှိပေမယ့် အိမ်ကွင်းအားသာချက် ရှိနေတဲ့ ပီအက်စ်ဂျီက ဒုတိယအကျော့မှာ နိုင်ပွဲ ရဖို့ ရာခိုင်နှုန်း များနေပြီး ပီအက်စ်ဂျီနည်းပြ အင်းနရစ်ကလည်း သူတို့အသင်းဟာ ဒေါ့မွန်ကို အနိုင်ရကာ ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်မယ်လို့ ယုံကြည်နေကြောင်း ဆိုလာပါတယ်။

Photo Credit: Marca

အင်းနရစ်က – “ကျွန်တော်တို့က ဒီပွဲမှာ အနိုင်ရပါလိမ့်မယ်။ ဒါက သေချာပါတယ်။ (ပြင်သစ်လို ပြောခြင်း) အဲ့ဒီစာသားက ကျွန်တော် သိတဲ့ တခုထဲသော ပြင်သစ်ဝါကျပါ။ (ပြုံးလျက်) ပြီးတော့ ကျွန်တော်က အဲ့ဒီစာသားကို ကြိုက်ပါတယ်။ ကျွန်တော်က အမြဲတမ်း ကျွန်တော့်အသင်းဟာ နိုင်ပွဲရတော့မယ်လို့ တွေးထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒီပွဲမှာ အနိုင်ရပါလိမ့်မယ်။ နည်းပြဆိုတာ ခေါင်းဆောင်ပါပဲ။ နည်းပြက သူ့ရဲ့ ကစားသမားတွေကို ယုံကြည်မှုတွေ တိုးတက်လာအောင် လုပ်ပေးရပါမယ်။ ကျွန်တော်က ကစားသမားတွေရဲ့ ယုံကြည်မှုကို မြှင့်တင်ပေးနိုင်ဖို့ နေ့တိုင်း ကြိုးစားနေပါတယ်။ ကျွန်တော်တို့ရဲ့ ပန်းတိုင်ကတော့ ဗိုလ်လုပွဲဆီ ရောက်ဖို့ပါပဲ။ ကျွန်တော်တို့မှာ လိုအပ်ချက်တွေ ရှိနေပြီး အဲ့ဒီ လိုအပ်ချက်တွေကို ဖာထေးနိုင်ဖို့ ကြိုးစား ပြင်ဆင်နေပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။