လီဂူးကလပ်အသင်း လိုင်ယွန်ဟာ အာဆင်နယ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ သူတို့ရဲ့ ဘရာဇီးလ် ကွင်းလယ်ကစားသမား လူးကပ်စ်ပါကေတာအတွက် ပြောင်းရွှေ့ကြေးကို ယူရို(၆၅)သန်းအထိ တန်ကြေးသတ်မှတ်ထားတယ်လို့ သိရှိရပါတယ်။

Image

Photo Credit : Twitter

အာဆင်နယ်အသင်းဟာ နွေဈေးကွက်အတွင်းမှာ ဘရာဇီးလ် တိုက်စစ်ကစားသမား ဂါဘရီရယ်ဂျေဇူး အပါအဝင် ပေါ်တိုရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဖာဘီယိုဗီယာရာနဲ့ ဘရာဇီးလ် လူငယ်ကစားသမားလေး မာကွင်ဟို့စ်တို့ကို ခေါ်ယူထားနိုင်ခဲ့သလို အမေရိကန်ဂိုးသမား မတ်တာနာပါ အသင်းနဲ့ လာရောက်ပူးပေါင်းနိုင်ပြီ ဖြစ်ပါတယ်။ ဒီလို အချိန်မှာ အာဆင်နယ်ဘက်က ကွင်းလယ်ပိုင်း ထပ်မံအားဖြည့်ဖို့ ဆန္ဒရှိနေပြီး ဒီနေရာအတွက်ကိုလည်း ယိုရီတီလေမန်းစ် မီလန်ကိုဗစ်ဆာဗစ်တို့အပြင် ဘရာဇီးလ်ကွင်းလယ်လူ ပါကေတာကိုပါ ပစ်မှတ်ထားလာခဲ့ပါတယ်။

Image

Photo Credit : Twitter

အသက်(၂၄)နှစ်အရွယ်ရှိ ဘရာဇီးလ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပါကေတဟာ ဘရာဇီးလ် နာမည်ကျော်ကလပ်အသင်း ဖလာမင်ဂိုရဲ့ လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး ၂၀၁၆ခုနှစ်မှာပဲ ဖလာမင်ဂို စီနီယာအသင်းအတွက် စတင်ပါဝင်ကစားပေးခွင့် ရရှိခဲ့ပါတယ်။ ပါကေတာဟာ ဖလာမင်ဂိုအသင်းမှာ (၃)ရာသီအထိ ကစားခဲ့ပြီးနောက် ၂၀၁၉ ဇန်နဝါရီလမှာပဲ စီးရီးအေထိပ်သီးကလပ် အေစီမီလန်အသင်းဆီ ယူရို(၃၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပါတယ်။ ဒါပေမယ့် ပါကေတာက မီလန်မှာ တစ်ရာသီခွဲသာ ကစားခဲ့ရပြီးနောက် လီဂူးကလပ် လိုင်ယွန်အသင်းဆီ ယူရိုသန်း(၂၀)နဲ့ ပြောင်းရွှေ့လာခဲ့ရပြီး လိုင်ယွန်မှာတော့ ပါကေတာဟာ သူရဲ့အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်ခဲ့ပြီး နှစ်ရာသီအတွင်းမှာ ပွဲအရေအတွက်ပေါင်း (၇၈)ပွဲအထိ ပါဝင်ကစားပေးထားခဲ့ရသလို (၂၁)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်တဲ့ ပါကေတာကို သူရဲ့လက်ရွေးစင်အသင်းဖော် ဂွီမာရေ့စ်ရှိရာ နယူးကာဆယ်အသင်းအပြင် အာဆင်နယ်ကလည်း ခေါ်ယူသွားဖို့ စိတ်ဝင်စားလာခဲ့ပါတယ်။ ပါကေတာဟာ attacking midfielder ဖြစ်ပေမယ့် CM အဖြစ်နဲ့လည်း ကစားနိုင်သူဖြစ်လို့ အာဆင်နယ်ဘက်က အလိုရှိလာခဲ့သလို အသင်းနည်းပြ အာတီတာကလည်း ပါကေတာရဲ့ ကစားဟန်ကို သဘောကျနေလို့ နောက်ထပ် ဘရာဇီးလ် ကစားသမားတစ်ဦးကို ထပ်မံခေါ်ယူဖို့ ပြင်ဆင်နေသလို မကြာခင်မှာလည်း တရားဝင် ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာဖွယ် ရှိနေပါတယ်။ ဒါပေမယ့် လိုင်ယွန်ဘက်ကတော့ သူတို့ ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ယူရို(၆၅)သန်းအထိ အလိုရှိနေတာကြောင့် ဒီတန်ကြေးက နွေဈေးကွက်ထဲ ယူရို(၉၇)သန်းလောက်အထိ အသုံးပြုထားတဲ့ အာဆင်နယ်အတွက် အခက်တွေ့ရဖွယ် ရှိနေပါတယ်။