မကြာသေးခင်ကမှ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ကစားသမား ဖီးလစ်ကော်တင်ဟိုကို အငှားနဲ့ ခေါ်ယူထားခဲ့တဲ့ အက်စတွန်ဗီလာအသင်းဟာ လက်ရှိမှာလည်း အသင်းရဲ့ ဘယ်ခြမ်းခံစစ်နေရာအတွက် အဲဗာတန်အသင်းရဲ့ ပြင်သစ်ဘယ်နောက်ခံကစားသမား လူးကပ်စ်ဒစ်ဂ်နေးကိုပါ ခေါ်ယူသွားဖို့ စီစဉ်လို့နေပြီး ခေါ်ယူနိုင်ဖို့ကလည်း အခြေအနေ အလွန်ကောင်းနေပြီလို့ သိရှိရပါတယ်။

Photo Credit : A Stamford Bridge Too Far

အသက်(၂၈)နှစ်အရွှယ် ပြင်သစ်လက်ရွေးစင် ဘယ်ခြမ်းနောက်ခံလူ ဒစ်ဂ်နေးဟာ အဲဗာတန်အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း အသင်းနည်းပြ ဘင်နီတက်ဇ်နဲ့ ဆက်ဆံရေး ကောင်းမွန်ခြင်း မရှိနေတာကြောင့် အခု စျေးကွက်အတွင်းမှာပဲ အသင်းနဲ့ လက်တွဲဖြုတ်သွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ဒီလို အနာဂတ် လှုပ်ခတ်လျက် ရှိနေတဲ့ ဒစ်ဂ်နေးကို ဘယ်နောက်ခံနေရာအတွက် ကစားသမားသစ် လိုအပ်နေတဲ့ ချယ်လ်ဆီးအသင်းကနေ ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဗီလာအသင်းဘက်ကနေပါ ဒစ်ဂ်နေးကို ချိတ်ဆက်မှုတွေ လုပ်ဆောင်လာခဲ့ကာ အခုဆိုရင် ဒစ်ဂ်နေးက ဗီလာအသင်းဆီ ပြောင်းရွှေ့ဖို့တောင် ပိုမို နီးစပ်လာခဲ့ရပြီ ဖြစ်တယ်လို့ သိရပါတယ်။

Photo Credit : The Cult of Calcio

အက်စတွန်ဗီလာအသင်းကို ကိုင်တွယ်လို့နေတဲ့ နည်းပြစတီဗင်ဂျရတ်က အသင်းကို စတင်ကိုင်တွယ်ပြီးနောက်ပိုင်း အသင်းရဲ့ ဘယ်ခြမ်းခံစစ်နေရာကို ကစားသမားသစ် ဖြည့်တင်းဖို့အတွက် စတင်သတိထားမိခဲ့တယ်လို့ သတင်းမီဒီယာတွေကနေ ဖော်ပြနေကြသလို အခုလည်း လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဘယ်နောက်ခံကစားသမားတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ဒစ်ဂ်နေးကို ခေါ်ယူချင်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ဒစ်ဂ်နေးရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဖာဘရီဇီယိုက ဗီလာနဲ့ အဲဗာတန်အသင်းတို့ရဲ့ကြား ကစားသမား ပြောင်းရွှေ့ကြေးပိုင်းအတွက် ဆက်လက် ဆွေးနွေးညှိနှိုင်းနေဆဲသာ ရှိလို့နေပြီး သဘောတူညီမှု မရယူနိုင်သေးဘူးလို့ ဖော်ပြထားပေမယ့် နာမည်ကျော် ဗြိတိန်သတင်းမီဒီယာ တော်တော်များများမှာတော့ ဗီလာအသင်းဟာ ဒစ်ဂ်နေးနဲ့ Personal Agreed ထိကို သဘောတူညီမှု ရယူထားနိုင်ခဲ့ပြီးပြီလို့ ဖော်ပြလို့ထားပါတယ်။ လက်ရှိမှာ ကစားသမားကိုယ်တိုင်ကလည်း ဗီလာအသင်းဆီ ပြောင်းရွှေ့သွားဖို့ စိတ်အားထက်သန်လို့ နေပါတယ်။