လီဗာပူးလ် ဂိုးသမား ကာရီယက်စ်ကတော့ လီဗာပူးလ်အသင်းမှာ ဒုတိယ အရန်ဂိုးသမား ဖြစ်ပြီး လက်ရှိမှာတော့ တူရကီနိုင်ငံ အခြေစိုက် စူပါလိဂ် ပြိုင်ပွဲက ဘက်စီတပ်စ်အသင်းမှာ အငှားနဲ့ သွားကစားနေတာကြောင့် လာမယ့် ရာသီမှာ လီဗာပူးလ်အသင်းကို ပြန်လာမှာပဲ ဖြစ်ပါတယ်။ ဂိုးသမား ကာရီယက်စ်ဟာ အရင်က လီဗာပူးလ်အသင်းရဲ့ ပထမ ဂိုးသမား ဖြစ်ခဲ့ပေမယ့်လည်း (၂၀၁၈) ခုနှစ်က ရီးရဲလ် မက်ဒရစ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ကြီးမားတဲ့ အမှား (၂) ခု ပြုလုပ်ခဲ့တာကြောင့် လီဗာပူးလ်အသင်းမှာ နေရာ မရခဲ့တော့တာပဲ ဖြစ်ပါတယ်။

Photo Credit: Mirror

လီဗာပူးလ်အသင်းဟာ ဂိုးသမား ကာရီယက်စ်ရဲ့ နေရာမှာ အစားထိုးဖို့ ဂိုးသမား အလီဆွန်ကို ဈေးကြီးကြီးပေး ခေါ်ယူခဲ့ပြီး ဂိုးသမား အလီဆွန်ဟာလည်း လီဗာပူးလ်အသင်းမှာ လက်စွမ်းပြကစားနိုင်ခဲ့တာကြောင့် လီဗာပူးလ်အသင်းရဲ့ ဦးစားပေး ဂိုးသမား တစ်ဦး ဖြစ်လာနိုင်ခဲ့ပါတယ်။ ဂိုးသမား ကာရီယက်စ်ဟာ လာမယ့် ရာသီမှာ လီဗာပူးလ်အသင်းကို ပြန်လာတော့မှာကြောင့် လီဗာပူးလ်အသင်းမှာ ပွဲထွက်ခွင့် ရဖို့အတွက် ဂိုးသမား အလီဆွန်နဲ့ နေရာ လုကြရမှာ ဖြစ်ပြီး ကာရီယက်စ်က ပို ကောင်းတဲ့ ဂိုးသမား ဆိုတာ မရှိပါဘူးလို့ သတိပေး စိန်ခေါ်သွားခဲ့ပါတယ်။

Photo Credit: Mirror

Transfermarket သတင်းမှာ ဂိုးသမား ကာရီယက်စ်က “လက်ရှိအချိန်မှာ ဂိုးသမား တစ်ဦးက အခြား ဂိုးသမား တစ်ဦးထက် ပို ကောင်းတယ် ဆိုတာ မရှိပါဘူး။ လွန်ခဲ့တဲ့ နှစ်က ဆိုရင်တော့ ဂိုးသမား နူအာ ရှိကောင်း ရှိနိုင်တယ်။ ဂိုးသမား နူအာက လက်စွမ်းပြနေဆဲပါပဲ။ တာစတီဂန်ကတော့ ဘာစီလိုနာအသင်းမှာ လက်စွမ်းပြနေတယ်။ အက်သလက်တီကိုအသင်းမှာ ဆိုရင် အိုဘလက်ခ် ရှိတယ်။ အလီဆွန်က ပြီးခဲ့တဲ့ နှစ်မှာ လက်စွမ်းပြခဲ့ပြီး ကြီးမားတဲ့ ဆုဖလားကိုပါ ရရှိခဲ့တယ်။ ပိုကောင်းတဲ့ ဂိုးသမားကို ရှာဖို့က အတော် ခက်ခဲပါတယ်။ တကယ်လို့ ကျွန်တော် အသင်းပြောင်းမယ် ဆိုရင် ပွဲထွက် ကစားရမှာပါ။ ကျွန်တော် လီဗာပူးလ်အသင်းက ထွက်ပြီး ပိုဆိုးတဲ့ အသင်းကို ပြောင်းဖို့ ဆိုတာ အဓိပ္ပါယ် မရှိပါဘူး”လို့ ပြောကြားသွားတာ ဖြစ်ပါတယ်။