MySport Myanmar

တန်ဟက်ဂ်နေရာမှာ အစားဝင်လာမယ့် နည်းပြအဖြစ် လိုပက်တယ်ဂီ ရေပန်းစားနေ

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တာဝန်ရှိသူတွေက ချန်ပီယံလိဂ်ပြိုင်ပွဲကြီးကနေ ထွက်ခွာခဲ့ရတဲ့အပေါ် အတော်လေး စိတ်ပျက်လျက် ရှိနေပြီး အသင်းနည်းပြပါ အပြောင်းအလဲ လုပ်ဆောင်ဖို့အထိပါ စဉ်းစားလာနေပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

တကယ်လို့ အသင်းနည်းပြ အပြောင်းအလဲ လုပ်ဆောင်မယ်ဆိုရင် အဲရစ် တန်ဟက်ဂ်နေရာမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ စပိန်လူမျိုး ဘောလုံးနည်းပြ ဂျူလီယန် လိုပက်တယ်ဂီနဲ့ အစားထိုးသွားဖို့ ယူနိုက်တက် တာဝန်ရှိသူတွေက စိတ်ဝင်စားနေပါတယ်။

Photo Credit : The Sun

အသက် (၅၇)နှစ်အရွယ်ရှိ နည်းပြ လိုပက်တယ်ဂီဟာ စပိန် ယူ-၁၇ ယူ-၁၉ ရီးယဲလ်မက်ဒရစ် အရန်အသင်းတွေနဲ့ နည်းပြဘဝကို စတင်ခဲ့ရင်း ၂၀၁၄ခုနှစ်မှာ ပေါ်တိုကို စတင် ကိုင်တွယ်ခဲ့ရပါတယ်။ (၂)နှစ်အကြာမှာ စပိန်လက်ရွေးစင် နည်းပြရာထူးကို ရရှိခဲ့တဲ့ လိုပက်တယ်ဂီဟာ ရီးယဲလ်အသင်းကိုလည်း ကိုင်တွယ်ခဲ့ပါသေးတယ်။

ရီးယဲလ်မှာ နည်းပြသက်တမ်း တိုတောင်းခဲ့တဲ့ လိုပက်တယ်ဂီက ဆီဗီလာအသင်းကို ကိုင်တွယ်ချိန်မှာတော့ ဆီဗီလာအတွက် ယူရိုပါလိဂ်ဖလားကို ရယူပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ဝုလ်ဗ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဆီ ရောက်ရှိလာခဲ့တဲ့ လိုပက်တယ်ဂီဟာ (၉)လအကြာမှာပဲ ဝုလ်ဗ်နဲ့ပါ လမ်းခွဲခဲ့ရပြန်ပါတယ်။

Photo Credit : Sky Sports

စပိန်လူမျိုး တစ်ဦး ဖြစ်နေပေမယ့် လိုပက်တယ်ဂီရဲ့ အင်္ဂလိပ် စကားပြော ကျွမ်းကျင်မှုအပြင် အသင်းတစ်သင်းအတွက် သူရဲ့ စွမ်းဆောင်ရည်တွေကို ယူနိုက်တက် ဘုတ်အဖွဲ့ဝင်တွေက သဘောကျနေတာကြောင့် တကယ်လို့ တန်ဟက်ဂ်နဲ့ လမ်းခွဲဖြစ်မယ်ဆိုရင် လိုပက်တယ်ဂီနဲ့ ဦးစားပေး အစားထိုးဖို့ ရှိနေပါတယ်။

ဒါ့အပြင် ယူနိုက်တက်က လိုပက်တယ်ဂီလို အသင်းလက်မဲ့ ဖြစ်နေတဲ့ နည်းပြတွေဖြစ်သော ဇီဒန်း ၊ ဂရေဟမ် ပေါ်တာတို့ကိုပါ ပစ်မှတ်ထားနေပြီး ဘရိုက်တန် နည်းပြ ရောဘတ်တို ဒီဇာဘီကိုလည်း စောင့်ကြည့်လျက် ရှိနေပါတယ်။

Exit mobile version