ပိန်လာလီဂါ နာမည်ကြီးကလပ် ဆီဗီးလားအသင်းရဲ့ နည်းပြ လိုပက်တီဂွီကတော့ ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ သူတို့အသင်းရဲ့ နောက်ခံလူ ခွန်ဒေက ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးအသင်းထံ မပြောင်းရွှေ့နိုင်ခဲ့တာဟာ ချယ်လ်ဆီးအသင်းရဲ့ အမှားကြောင့်သာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ဆီဗီးလားအသင်းရဲ့ ပြင်သစ် လက်ရွေးစင် နောက်ခံလူ ခွန်ဒေဟာ လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရခဲ့ပေမယ့် ချယ်လ်ဆီးအသင်းနဲ့ ဆီဗီးလားအသင်းတို့ ကြားမှာ ပြောင်းရွှေ့ကြေး သဘောတူညီမှု မရခဲ့တာကြောင့် ခွန်ဒေရဲ့ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ချင်တဲ့ စိတ်ကူးဟာ ပျက်ပြယ်ခဲ့ရတာပါ။

Photo Credit: Marca

လက်ရှိမှာတော့ ခွန်ဒေဟာ သူ့ရဲ့ အပြောင်းအရွှေ့ကိစ္စ ပျက်ပြယ်ခဲ့တာဟာ ဆီဗီးလားအသင်းရဲ့ အမှားကြောင့်လို့ ယူဆနေပြီး ဆီဗီးလားအသင်းရဲ့ နည်းပြ လိုပက်တီဂွီရဲ့ ဖုန်းခေါ်ဆိုမှုကိုလည်း လျစ်လျူရှုခဲ့ကာ သူတို့နှစ်ဦးရဲ့ကြားမှာ ဆက်ဆံရေး အဆင်မပြေ ဖြစ်နေပါတယ်။

လိုပက်တီဂွီကတော့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ခွန်ဒေရဲ့ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရတဲ့ အကြောင်းအရင်းဟာ သူတို့အသင်းရဲ့ အမှားကြောင့် မဟုတ်ပဲ ချယ်လ်ဆီးအသင်းက ခွန်ဒေအတွက် ပြောင်းရွှေ့ကြေးကို တန်ရာတန်ကြေး မပေးချင်တာကြောင့်သာ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရတာပါလို့ ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

Photo Credit: Marca

လိုပက်တီဂွီက – “အပြောင်းအရွှေ့ နောက်ဆုံးအချိန်မှာ ခွန်ဒေ တယောက် အသင်းမှာ ဆက်ရှိနေခဲ့တာဟာ အသင်းဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကြောင့်ပါ။ အသင်းဘုတ်အဖွဲ့က သူတို့ ရရှိတဲ့ ကမ်းလှမ်းမှုဟာ ခွန်ဒေအတွက် လုံလောက်တဲ့ ကမ်းလှမ်းမှုလို့ မထင်ခဲ့ပါဘူး။ ကျွန်တော့်အတွက်တော့ ခွန်ဒေ အသင်းမှာ ဆက်ရှိနေတာက အပေါင်းလက္ခဏာ ဆောင်တဲ့ ကိစ္စတခုပါ။ သူက ဒီအသင်းမှာ ၂နှစ် နေထိုင်ပြီးနောက် သူ့ရဲ့ ခြေစွမ်းကလည်း တိုးတက်လာခဲ့ပါတယ်။ သူက ကျွန်တော်တို့နဲ့အတူ ဆက်ပြီး တိုးတက်လာလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည် ထားပါတယ်” လို့ ဖွင့်ဟ ပြောကြားခဲ့ပါတယ်။