စပိန်လာလီဂါ အသင်းဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ခံစစ်ကစားသမား တစ်ဦး ဖြစ်တဲ့ လိုဒီဟာ ယခုတစ်ပတ်အတွင်းမှာ ပြုလုပ်ခဲ့တဲ့ ဆေးစစ်မှုတွေအရ ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရကြောင်း သိရှိလိုက်ရတယ်လို့ စပိန်အခြေစိုက် သတင်းတွေက ဖော်ပြလာခဲ့ကြပါတယ်။ အသက်၂၂နှစ်အရွယ် လိုဒီဟာ ဇွန်လ မှာ ပြန်လည် စတင်မယ့် လာလီဂါပြိုင်ပွဲအတွက် ပြီးခဲ့တဲ့ တနင်္လာနေ့မှ စတင်ကာ ကိုရိုနာဗိုင်းရပ် ကူးစက်ခံရမှု ရှိ ၊ မရှိ ဆေးစစ်မှု ခံယူခဲ့ရတာ ဖြစ်ကြောင်းနဲ့ လက်ရှိမှာတော့ သူဟာ ကိုရိုနာ ဗိုင်းရပ် ကူးစက်မှုကို ခံထားရကြောင်း သိရှိခဲ့ရတာကြောင်​့ သူ့ရဲ့အသင်းဖော်တွေနဲ့ သူ့ကို ခွဲထားရကာ လိုအပ်တဲ့ ဆေးကုသမှုတွေကို စတင် လုပ်ဆောင်နေရပြီလို့ သိရပါတယ်။

Photo Credit: Marca.com

စပိန်အခြေစိုက် သတင်းဌာနဖြစ်တဲ့ EFE သတင်းဌာနရဲ့ အဆိုအရတော့ အက်သလက် တီကို မက်ဒရစ်အသင်းမှာ လိုဒီအပြင် အခြား အမည်မဖော်လိုတဲ့ ကစားသမား၉ဦးဟာလည်း ကူးစက်ခံထားရတဲ့ အလားအလာတွေ ရှိတယ် လို့ သိထားရပြီး စပိန်ဘောလုံးအဖွဲ့ချုပ်ကတော့ ကိုရိုနာဗိုင်းရပ် ကူးစက်ခံရတဲ့ ကစားသမားတွေ ရှိနေပေမယ့် ဇွန်လမှာ လာလီဂါပြိုင်ပွဲကို စတင်ဖို့ ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်ကို ပြန်လည် ပြင်ဆင်သွားမှာ မဟုတ်ဘူးလို့ ကြေညာထားပါတယ်။ စပိန်နိုင်ငံရဲ့ အားကစားရေးရာ တာဝန်ရှိသူဖြစ်တဲ့ လိုဇာနိုက သူတို့ အနေနဲ့ လာလီဂါပြိုင်ပွဲကို ထပ်မံရွှေ့ဆိုင်းမှာ မဟုတ်တဲ့ အကြောင်းကို ” ကျွန်တော်တို့ဟာ ဒရာမာတွေ ခင်းနေတော့မှာ မဟုတ်ပါဘူး။ ( ကိုရိုနာဗိုင်းရပ် ကူးစက်ခံရတဲ့ ကစားသမားတွေ ပေါ်ပေါက်လာမှုကို ဆိုလိုလျက်) ကျွန်တော်တို့က ဗိုင်းရပ်ကို မကြောက်ပဲ ဆက်လက် လုပ်ကိုင် နေတဲ့ အခြားလုပ်ငန်းတွေအတိုင်း ဆက်လက် လုပ်ဆောင်သွားမှာပါ ” လို့ ပြောဆိုခဲ့တာပါ။

Photo Credit: Marca.com

AS Diario ဆိုတဲ့ သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ လိုဒီဟာ မတ်လအစောပိုင်းမှာထဲက ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရတဲ့ လက္ခဏာတွေကို ပြသခဲ့ကြောင်း သိထားရပြီး သူဟာ မတ်လ ၁၂ရက်နေ့မှာ ကစားခဲ့တဲ့ လီဗာပူး အသင်းနဲ့ အက်သလက်တီကို အသင်းတို့ရဲ့ ပွဲမှာ ပွဲချိန်ပြည့် ကစားခဲ့တာကြောင့် လီဗာပူးအသင်း ကိုပါ ဆေးစစ်မှုတွေ လုပ်ဆောင်သွားသင့်ပြီ လို့ AS Diario သတင်းဌာနက အကြံပေးသွားခဲ့ပါတယ်။ လက်ရှိမှာတော့ လီဗာပူးအသင်းရဲ့ ကစားသမားတွေထဲမှာ ကိုရိုနာဗိုင်းရပ် ကူးစက် ခံထားရတဲ့ လက္ခဏာရပ်တွေကို ခံစားရတဲ့သူ မရှိသေးပေမယ့် လီဗာပူးအသင်းအနေနဲ့ ပေါ့ဆလို့ မရကြောင်း စပိန်အခြေစိုက် သတင်းဌာန အများစုက ဖော်ပြထားကြပြီး လက်ရှိမှာတော့ ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်ဟာ လီဗာပူးအသင်းအပါအဝင် ပရီးမီးယားလိဂ် အသင်းအားလုံးကို ဆေးစစ်မှုတွေ လုပ်ဆောင်ဖို့ စီစဉ် နေပါတယ်။