ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးရဲ့ အာဂျင်တီးနား ကွင်းလယ်လူ လိုဆယ်ဆိုဟာ စပါးမှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရတာကြောင့် ပြင်သစ်လီဂူးဝမ်း နာမည်ကြီးကလပ် လိုင်ယွန်ထံ ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေကြောင်း သိရပါတယ်။

အသက် ၂၅နှစ် အရွယ် အာဂျင်တီးနား ကွင်းလယ်လူ လိုဆယ်ဆိုဟာ ဗဟိုကွင်းလယ် ၊ ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံတိုက်စစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိတဲ့ ကစားသမား တဦးပဲ ဖြစ်ပါတယ်။

Photo Credit: 90 Mins

လိုဆယ်ဆိုဟာ ပင်ကိုယ် အရည်အသွေး ကောင်းမွန်တဲ့ ကစားသမား တဦး ဖြစ်ပေမယ့် ပရီးမီးယားလိဂ်ရဲ့ ကြံ့ခိုင်မှု အသားပေး ကစားဟန်မှာ အံဝင်ဖို့ ရုန်းကန်နေရပြီး စပါးနည်းပြ ကွန်တီကလည်း လိုဆယ်ဆိုကို သူ့ရဲ့ ကစားကွက်နဲ့ မလိုက်ဖက်သူ အဖြစ် သတ်မှတ်ထားပါတယ်။

ဒါကြောင့်ပဲ စပါးဟာ ယခု ဇန်နဝါရီ အပြောင်းအရွှေ့ အတွင်းမှာပဲ လိုဆယ်ဆိုကို အသင်းကနေ ထွက်ခွာခွင့် ပေးထားပြီး ပြင်သစ်ကလပ် လိုင်ယွန်ကတော့ လိုဆယ်ဆိုကို ခေါ်ယူဖို့ ခပ်သွက်သွက်ပဲ လှုပ်ရှားနေပါတယ်။

Photo Credit: 90 Mins

လိုင်ယွန်ဟာ အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ဂွီမာရေးစ်ကို နယူးကာဆယ်ဆီ ယူရို ၄၀သန်းနဲ့ လက်လွှတ်ရဖို့ ရှိနေတာကြောင့် ဂွီမာရေးစ်ရဲ့နေရာကို အစားဝင်နိုင်မယ့် အရည်အသွေးမြင့် ကွင်းလယ်လူ တဦးကို ပြန်လည် ခေါ်ယူဖို့ ကြိုးစားနေကာ လိုဆယ်ဆိုက သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမားပဲ ဖြစ်ပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ လိုင်ယွန်ဟာ လိုဆယ်ဆိုကို ရာသီဝက်အငှားနဲ့ ခေါ်ယူဖို့ စပါးထံ ကမ်းလှမ်းမှု တခု ပြုလုပ်ခဲ့ပြီး နှစ်သင်းကြားမှာ ပဏာမ သဘောတူညီမှု တခု ရရှိထားကြောင်းနဲ့ အပြောင်းအရွှေ့ကို အဆုံးသတ်ဖို့ အတွက် ကစားသမားရဲ့ လုပ်ခလစာကို ဘယ်လိုဘယ်ပုံ ပေးချေမလဲ ဆိုတဲ့ အချက်ကို ညှိနှိုင်းရန်သာ လိုအပ်တော့ကြောင်း သိရပါတယ်။

တဖက်မှာတော့ စပိန်လာလီဂါ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ ဗီလာရီးရဲလ်ကလည်း လိုဆယ်ဆိုကို အငှားနဲ့ ခေါ်ယူဖို့ စတင် ကြိုးပမ်းလာကြောင်း ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ်။