အီယန်ရိုက်၊ အိုဝင် နဲ့ ရေးလ် ပါလော့တို့ဟာ ချဲလ်ဆီးအသင်း နဲ့ စပါးအသင်းတို့ ကစားခဲ့ကြတဲ့ ပွဲစဉ်မှာ လို ဆယ်လ်ဆိုကို အနီကဒ် မပြခဲ့တဲ့ VAR ကို ပြင်းပြင်းထန်ထန် ဝေဖန်သွားကြတာပါ။ စပါးကွင်းလယ်လူ လို ဆယ်လ်ဆိုဟာ (၅၂) မိနစ်မှာ ချဲလ်ဆီးနောက်ခံလူ အက်ပီလီကျူတာကို တက်နင်းခဲ့ပြီး အနီကဒ် ရသင့်ပေမဲ့ ကွင်းလယ်ဒိုင်က အဝါကဒ်တောင်မှ မပြခဲ့တာ ဖြစ်ပါတယ်။ ကွင်းလယ်ဒိုင် မိုက်ကယ် အိုလီဗာဟာ အနီကဒ် နဲ့ အဝါကဒ် ပြဖို့ ကိုယ်ပိုင် ဆုံးဖြတ်ချက် မချဘဲ VAR ကို အကူအညီ တောင်းခဲ့ပြီး VAR က အနီကဒ် မပေးဖို့ ဆုံးဖြတ်ချက် ချမှတ်သွားခဲ့ပါတယ်။

Photo Credit: DailyMail

VAR ဟာ လို ဆယ်လ်ဆိုရဲ့ ကစားဟန်ကို ထောင့်စုံကနေ ကြည့်ခဲ့ပေမဲ့ အနီကဒ် ပြဖို့အတွက် မထိုက်တန်ဘူးလို့ သတ်မှတ်ခဲ့ပြီး ဘာအရေးယူမှုကိုမှ မပြုလုပ်သွားဘဲ ကျော်သွားခဲ့ပါတယ်။ ကွင်းလယ်ဒိုင် မိုက်ကယ် အိုလီဗာအနေနဲ့ကလည်း သူကိုယ်တိုင် မော်နီတာကို သွားကြည့်ရမှာ ဖြစ်ပေမဲ့ သွားမကြည့်ဘဲ VAR ရဲ့ ဆုံးဖြတ်ချက်အတိုင်းသာ နာခံ လိုက်နာသွားလိုက်ပါတယ်။ လို ဆယ်လ်ဆိုဟာ အက်ပလီကျူတာကို တက်နင်းခဲ့တာ အဝါကဒ် အပြမခံခဲ့ရပေမဲ့ ပွဲပြီးခါနီး (၈၁) မိနစ်မှာ မေဆင် မောင့်ကို ကစားဟန် ကြမ်းတမ်းလို့ အဝါကဒ် အပြခံလိုက်ရပါတယ်။

Photo Credit: DailyMail

ဘောလုံး ကစားသမားဟောင်းတွေ ဖြစ်ကြတဲ့ မိုက်ကယ် အိုဝင်၊ အီယန်ရိုက် နဲ့ ရေးလ် ပါလော့တို့ကတော့ VAR ရဲ့ ဆုံးဖြတ်ချက်ကို လှုမှုကွန်ရက်ကနေ လှောင်ပြောင် ဝေဖန်ခဲ့ကြပါတယ်။ အီယန်ရိုက်က “ဘယ်လို ဖြစ်ပြီး အနီကဒ် မဖြစ်နိုင်ရတာလဲ?!!!!!” လို့ ဝေဖန်သွားလိုက်သလို ရေးလ် ပါလော့က “ဘယ်လို ဖြစ်လို့ ချဲလ်ဆီးကို အနီကဒ် မပြတာလဲ?” လို့ ဝေဖန်ခဲ့ပြန်ပါတယ်။ အိုဝင်ကတော့ “အနီကဒ် အပြခံရနိုင်ချေရှိတဲ့ ဖြစ်စဉ် (၂) ခုမှာ လို ဆယ်လ်ဆို ပါဝင်ခဲ့တယ်။ သူ ကွင်းထဲမှာ ရှိနေသေးတာ ကျွန်တော် မယုံနိုင်ဘူး။ နောက်ပြီး နည်းပညာက သူ့အလုပ်ကို သူ လုပ်သွားပေမဲ့ VAR က ခပ် ညံ့ညံ့ ဆုံးဖြတ်ချက်ကို ချခဲ့တယ်”လို့ ဝေဖန်သွားလိုက်ပါတယ်။