ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ ဝါရင့် ဂိုးသမားလည်းဖြစ် ၊ အသင်းခေါင်းဆောင်ဟောင်းလည်း ဖြစ်တဲ့ ဟူဂို လိုရစ်က လာမယ့် ဆောင်းဈေးကွက်မှာ စပါးကို စွန့်ခွာကာ မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျလိစ်ဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်တွေအရ သိရှိရပါတယ်။

အသက် ၃၇နှစ် အရွယ် ဝါရင့် ဂိုးသမား ဟူဂို လိုရစ်က ၂၀၁၂ခုနှစ်မှာ လိုင်ယွန်ကနေ စပါးထံ ပြောင်းရွှေ့ကြေး ယူရို ၁၂သန်းကျော်နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက စပါးရဲ့ ဂိုးပေါက်ကို ဆယ်စုနှစ် တစုကျော်ကြာ တာဝန်ယူ စောင့်ရှောက်ခဲ့ပါတယ်။

Photo Credit: Standard

ဟူဂို လိုရစ်က စပါးဆီ ရောက်ရှိပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး ဂိုးသမားတွေထဲက တဦး အဖြစ် သတ်မှတ်ခံခဲ့ရသလို စပါးရဲ့ အသင်းခေါင်းဆောင် အဖြစ်ပါ တာဝန်ယူခဲ့တာကြောင့် စပါးပရိသတ်တွေက သူ့ကို ဂန္တဝင် ဂိုးသမား အဖြစ် မှတ်ယူထားကြပါတယ်။

ဒါပေမယ့် ဘောလုံးလောကရဲ့ ဓမ္မတာအတိုင်း ဟူဂို လိုရစ်ဟာ အသက်အရွယ်ကြောင့် လက်စွမ်းတွေ ကျဆင်းလာခဲ့ပြီး စပါးကလည်း သူတို့အသင်းရဲ့ အနာဂတ် အတွက် ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ အီတလီဂိုးသမား ဗီကာရီယိုကို ခေါ်ယူကာ လိုရစ်ရဲ့ နံပါတ်တစ် ဂိုးသမားနေရာကို ဗီကာရီယိုဆီ လွှဲပြောင်းပေးခဲ့ပါတယ်။

Photo Credit: Live Score

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဟူဂို လိုရစ်က ပွဲထွက်ခွင့် မရတော့တာကြောင့် လာမယ့် ဆောင်းဈေးကွက်မှာ စပါးကို စွန့်ခွာကာ မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျလိစ်ဆီ ပြောင်းရွှေ့ဖို့ တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး ဆွေးနွေးမှုတွေဟာ အဆင်ပြေနေကြောင်း သိရှိရပါတယ်။

စပါးနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ပေါလ် အို ကီဖဲကလည်း ဟူဂို လိုရစ်ဟာ လော့စ်အိန်ဂျလိစ်ဆီ ပြောင်းဖို့ နီးစပ်နေကြောင်းကို ထပ်ဆင့် အတည်ပြုပေးထားသလို စပါးက သက်တော်ရှည် ဂိုးသမား ဟူဂို လိုရစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းခွင့် ပြုမယ်လို့လည်း သူ့ရဲ့ သတင်းပေ့ချ်မှာ ရေးသား ဖော်ပြထားပါတယ်။