ကမ္ဘာပေါ်မှာ လီဗာပူးအသင်းလို့ ဆိုလိုက်တာနဲ့ ပြေးမြင်ရမယ့် အရာနှစ်ခုရှိပါတယ်။ အဲ့ဒါ ကတော့ အန်ဖီးလ်ကွင်းကြီးနဲ့ You’ll never walk alone ဆိုတဲ့ သီချင်းပဲ ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ၁၉၉၀ ခုနှစ်ကနေ ၂၀၁၈ ခုနှစ် အထိ ကြားကာလမှာ ယခင်ကလို အောင်မြင်မှုတွေ ရဖို့ ရုန်းကန်ခဲ့ရပေမယ့် အန်ဖီးလ်ကွင်းထဲမှာတော့ ဘယ်လိုပြိုင်ဘက်မျိုးကိုမဆို အလဲထိုး နိုင်တဲ့ စိတ်ဓာတ်တွေကို လီဗာပူးအသင်းက ရရှိတတ်ပါတယ်။ ဒါ့ကြောင့် လီဗာပူးအသင်း ပရိသတ်တွေသာမက အခြားအသင်းရဲ့ ပရိသတ် အများစုကပါ အန်ဖီးလ်ကွင်းကြီးရဲ့ ဂုဏ်သိက္ခာကို လေးစားလေ့ရှိကြပါတယ်။ ဒါပေမယ့် အန်ဖီးလ်ဆိုတဲ့ နာမည်နဲ့ပတ်သတ်ပြီး လီဗာပူး အသင်းကို အားပေးတဲ့သူတွေ ဒေါသပုန်ထနေတဲ့ အကြောင်းလေးတစ်ခုတော့ ရှိနေခဲ့ပါတယ်။

Photo Credit: Standard.com

 

အဲ့ဒါကတော့ ယခုနှစ်ဘောလုံးရာသီ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ဒုတိယအကျော့ပွဲစဉ် အဖြစ် လီဗာပူးအသင်းနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတို့ အန်ဖီးလ်ကွင်းကြီးထဲမှာ ယှဉ်ပြိုင်ကစားခဲ့စဉ် လီဗာပူးအသင်းဘက်ကို နှစ်ဂိုးသွင်းခဲ့တဲ့ အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ ကွင်းလယ်လူ လော်ရန်တေးဟာ သူ့ရဲ့ ခွေးအမည်ကို အန်ဖီးလ်လို့ အမည်ပေးထားတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။ အန်ဖီးကွင်း မှာ အက်သလက်တီကိုအသင်းဟာ လီဗာပူး အသင်းကို နောက်ကချေပဂိုး ၊ အနိုင်ဂိုးတွေနဲ့ အတူ သုံးဂိုး နှစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပြီး လော်ရန်တေးဟာဆိုရင် အရေးပါတဲ့ ချေပဂိုး နှစ်ဂိုးစလုံးကို သွင်းယူပေးခဲ့သူဖြစ်ကာ သူ့ရဲ့သွင်းဂိုးတွေကြောင့်ပဲ လီဗာပူးအသင်းဟာ ချန်ပီယံဘွဲ့ကို ဆက်လက် မကာကွယ်နိုင်ခဲ့တာပါ​။

Photo Credit: Standard.com

လော်ရန်တေးဟာ အင်စတာဂရမ်ပေါ်မှာ သူ့ခွေးလေးရဲ့ ဓာတ်ပုံကို ရိုက်တင်ခဲ့ကာ ခွေးရဲ့ နာမည်ကို ပရိသတ်တွေသိအောင် ချပြခဲ့တာပဲ ဖြစ်ပါတယ်။ လော်ရန်တေးက ” အန်ဖီးလ်လေး ကမ္ဘာကြီးကို ကြည့်နေတဲ့ပုံပါ ” ဆိုတဲ့စာသားနဲ့အတူ အင်စတာဂရမ်ပေါ်မှာ သူ့ခွေးလေးရဲ့ပုံကို တင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အဆိုပါကိစ္စနဲ့ ပတ်သတ်ပြီး လူပြောများနေခဲ့ပါတယ်။ လီဗာပူးပရိသတ်တွေကတော့ လော်ရန်တေးရဲ့ လုပ်ရပ် ကို ရှုတ်ချနေကြပြီး အခုလို လုပ်တာဟာ သူတို့ အသင်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း ဝေဖန်ထားကြသလို လော်ရန်တေးဘက်က ထောက်ခံသူတချို့ကတော့ လော်ရန်တေးဟာ အန်ဖီးလ်ကွင်းထဲမှာ ဖြစ်ပျက်ခဲ့တဲ့ သူ့ရဲ့ ဂုဏ်ယူစရာကောင်းတဲ့ အဖြစ်အပျက်ကို မမေ့သွားစေဖို့ ချစ်စနိုးနဲ့ နာမည်ပေးခဲ့တာဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုထားခဲ့ပါတယ်။