လီဗာပူးလ်အသင်းရဲ့ အဓိကတိုက်စစ်ကစားသမား မိုဟာမက်ဆာလာကတော့ လာမယ့်ဇူလိုင်လအတွင်း ဂျပန်နိုင်ငံက ကျင်းပသွားတော့မယ့် အိုလံပစ်ပြိုင်ပွဲရဲ့ ဘောလုံးအားကစားပြိုင်ပွဲအတွင်းမှာ အီဂျစ်လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးဖွယ် မရှိတော့ပဲနဲ့ လာမယ့်ဘောလုံးရာသီမတိုင်ခင် ရာသီကြို ပြင်ဆင်မှုတွေကို လုပ်ဆောင်သွားမယ့် သူရဲ့ကလပ်အသင်း လီဗာပူးလ်နဲ့သာ ပူးပေါင်းသွားဖွယ် ရှိနေတယ်လို့ ESPN ကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Eurosport

အသက်(၂၉)နှစ်အရွှယ်ရှိ အီဂျစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဆာလာဟာ လာမယ့်ဇူလိုင်လ (၂၂)ရက်နေ့မှာ စတင်ကျင်းပတော့မယ့် တိုကျိုအိုလံပစ် အမျိုးသားဘောလုံးပြိုင်ပွဲအတွင်းမှာ အီဂျစ်အိုလံပစ်အသင်းကို ကိုယ်စားပြုပါဝင်သွားဖို့ အစီအစဉ် ရှိခဲ့ပေမယ့်လည်း ပြိုင်ပွဲကျင်းပဖို့ တစ်လနီးပါးလောက်အလိုမှာပဲ စိတ်ကူးပြောင်းသွားခဲ့ပြီး လီဗာပူးလ်အသင်းရဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီသစ် မတိုင်ခင် ရာသီကြိုအစီအစဉ်တွေမှာသာ ဝင်ရောက်ပါဝင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Germany in 24 English

အိုလံပစ် ဘောလုံးပြိုင်ပွဲဟာ အသက်(၂၁)နဲ့အောက် လူငယ်ကစားသမားတွေကို ဝင်ရောက်ယှဉ်ပြိုင်စေတဲ့ ပြိုင်ပွဲတစ်ခု ဖြစ်ပေမယ့်လည်း အသက်(၂၁)အထက် ကစားသမား(၃)ယောက်ကိုလည်း အသင်းရဲ့လူစာရင်းအတွင်းမှာ ထည့်သွင်းခွင့်ပြုထားတာလည်းဖြစ်လို့ အီဂျစ်အိုလံပစ်အသင်းက အသင်းရဲ့ အဓိကကျတဲ့ ကစားသမားတစ်ယောက်ဖြစ်တဲ့ ဆာလာကို ထည့်သွင်းချင်နေတာဖြစ်ပြီး အီဂျစ်ဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဌဖြစ်သူကပါ ဆာလာကို အိုလံပစ်အသင်းအတွင်း ပါဝင်ခွင့်ပေးဖို့အတွက် ဆာလာရဲ့ကလပ် လီဗာပူးလ်အသင်းဆီကို တောင်းဆိုလို့ထားပါတယ်။ ဒါပေမယ့် ဆာလာသာ အီဂျစ်အသင်းနဲ့ အိုလံပစ်ပြိုင်ပွဲကို ဝင်ရောက်ကစားခဲ့မယ်ဆိုရင် ပြိုင်ပွဲက သြဂုတ်လဆန်းပိုင်းမှ ပြီးဆုံးမှဖြစ်တဲ့အတွက် ဆာလာအနေနဲ့ ပြိုင်ပွဲအပြီး အနားယူမယ့်ရက်ပါ လိုအပ်နေတဲ့အတွက် လီဗာပူးလ်အသင်းရဲ့ ရာသီအစပွဲစဉ်တွေကို လွဲချော်နိုင်ပါတယ်။ အီဂျစ်အသင်းဟာ အိုလံပစ်ပြိုင်ပွဲရဲ့ အုပ်စု C မှာ အာဂျင်တီးနား စပိန် သြစတြေးလျအသင်းတို့နဲ့ ကျရောက်လို့နေပြီး အုပ်စုကျပ်အနေအထားမျိုး ဖြစ်နေရတဲ့အတွက် ဆာလာလို ထိပ်တန်းကစားသမားကောင်းတစ်ယောက်ကို လိုအပ်နေတာဖြစ်ပြီး အသင်းရဲ့လူစာရင်းကို အပြီးသတ် ထုတ်ပြန်မကြေညာခင်မှာ အီဂျစ်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ ဆာလာကို ပါဝင်ကစားပေးဖို့အတွက် ထပ်မံညှိနှိုင်းဖွယ် ရှိနေပါတယ်။