လီဗာပူးလ်အသင်းရဲ့ ဗဟို နောက်ခံ ကစားသမား ဖြစ်သူ ဂျိုးဂိုးမက်စ်ကတော့ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ဆုဖလား ရရှိခဲ့တဲ့ ပြီးခဲ့တဲ့ ရာသီကထက် နိုင်ပွဲ ရရှိဖို့အတွက် ပိုပြီး ဆာလောင်ကြတယ်လို့ ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းတွေကို သတိပေးခဲ့တာ ဖြစ်ပါတယ်။ မာဆေးလ်ဆိုဒ်မြို့ခံ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီမှာ နှစ် (၃၀) ကြာ စောင့်စားလာခဲ့ကြရတဲ့ ပရီးမီးယားလိဂ် ဆုဖလားကို အသင်းရဲ့ သမိုင်းမှာ ပထမဆုံး အကြိမ် ရရှိသွားခဲ့ပြီး ပရီးမီးယားလိဂ် ဆုဖလား နဲ့ ချန်ပီယံလိဂ် ဆုဖလားကို ရှေ့ဆင့်နောက်ဆင့် (၂) နှစ်ဆက် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Dailymail

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ဆုဖလားကို ရရှိခဲ့တာကြောင့် အက်ဖ်အေ ဖလား ရရှိနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ရာသီကြို ဗိုလ်လုပွဲ အဖြစ် ကွန်မြူနတီဒိုင်း ပွဲစဉ် ကစားခဲ့တာ ဖြစ်ပြီး သာမန် ပွဲကစားချိန်အတွင်း (၁-၁) သရေကျခဲ့ပေမယ့်လည်း ပင်နယ်တီ အဆုံးအဖြတ်မှာ ရှုံးနိမ့်ခဲ့ရပါတယ်။ လီဗာပူးလ်အသင်းရဲ့ လူငယ် ကစားသမား ဘရူစတားဟာ အာဆင်နယ်အသင်းနဲ့ ကစားသွားခဲ့တဲ့ ပွဲစဉ်မှာ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့စဉ်က မဂိုးခဲ့တာကြောင့် လီဗာပူးလ်အသင်း ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပြီး နောက်ခံလူ ဂိုးမက်စ်ကတော့ နိုင်ပွဲ ရဖို့ ပိုဆာလောင်နေကြတယ်လို့ သတိပေးသွားခဲ့ပါတယ်။

Photo Credit: Dailymail

လီဗာပူးလ်အသင်းရဲ့ ဝက်ဆိုဒ်မှာ ဂျိုးဂိုးမက်စ်က “အခြားအရာတွေထက် နည်းပြက ကျွန်တော်တို့ကို ကိုယ်ကာယကြံခိုင်မှုထက် စိတ်ပိုင်းဆိုင်ရာ အရေးကြီးတယ် ဆိုတဲ့ စိတ်ကို ရိုက်သွင်းခဲ့ပါတယ်။ ဒီတော့ ကျွန်တေ်ာတို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်ပြီး ကျွန်တော်တို့ လိုအပ်တဲ့ အချိန်မှာ အပြောင်းလဲ ပြုလုပ်ဖို့ ကစားသမား အင်အား အပြည့် ရှိပါတယ်။ အဓိက ကျတဲ့ အရာကတော့ ကျွန်တော်တို့ဟာ ကစားဖို့ အဆင်သင့် ဖြစ်နေကြပါပြီ။ အသင်းက လူတိုင်းကလည်း အရင်ကထက် နိုင်ပွဲတွေ ရရှိနိုင်ဖို့ ပိုပြီး ဆာလောင်ကြတယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ အခိုင်အမာ ပြောသွားခဲ့တာပဲ ဖြစ်ပါတယ်။